ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတော့မည်
2013.02.07

အဲဒီကော်မတီမှာ ဘယ်အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာမရှိဘဲ အစိုးရဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း ဖော်ပြထားပါတယ်။
အစိုးရဖက်က နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကွာခြားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင် ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီဆောင်ရွက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP အဖွဲ့ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ပြောပါတယ်။
“ကျနော်တို့ စာရင်းတွေ ပြုစုတဲ့အခါမှာ ၃၈၀ လောက်ရှိမယ်၊ ၂၃၉ ယောက်က ထောင်ကျပြီးသားတွေဖြစ်တယ်၊ ကျန်တာတွေလည်း အမှုရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်၊ အမှုရင်ဆိုင်နေရသူတွေဆိုတာ ကချင်ပြည်နယ်မှာ အဖမ်းခံရတဲ့သူတွေရှိတယ်၊ နောက်မြို့ပေါ်မှာ ပုဒ်မ ၁၈ တို့၊ ၅၀၅(ခ) တို့၊ အများစုကတော့ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင် နေရသူတွေရှိပါတယ်၊ ဒီဟာတွေအကုန်လုံးကို ပေါင်းစုထားတာဖြစ်ပါတယ်”
အဲဒီစိစစ်ရေးကော်မတီအနေနဲ့ နိုင်ငံရေးအကျဉ်းသားအပေါ် အဓိပ္ပာယ်ဖွင့်ဆိုတာ၊ လွှတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်တွေ ညှိနှိုင်းရေးဆွဲတာ၊ လက်ရှိအကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်လွှတ်ပေးဖို့အတွက် ရည်ရွယ်ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။