ထောင်မှလွတ်လာတဲ့ နော်အုန်းလှ ကျန်လူများလွတ်ဖို့ ဆုတောင်းပွဲ လုပ်


2016.04.17
nawohnhla-620.JPG လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဧပြီလ ၁၇ ရက်နေ့က ရွှေတိဂုံဘုရားမှာ တွေ့ရစဉ်
Photo: Thiha Tun/RFA

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူ နော်အုန်းလှတို့အဖွဲ့ဟာ ရန်ကုန်မြို့ အင်းလျားကန်မှာ ငါးလွှတ်ပွဲပြုလုပ်ခဲ့ပြီး ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဆုတောင်းပွဲနဲ့ ငါးလွှတ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့တိုင်း နှစ်စဉ်ပြုနေ ကြဖြစ်တဲ့အတွက် ဒီနေ့ ပြန်လွတ်လာပြီးချိန်မှာ လုပ်ဖြစ်တာလို့ နော်အုန်းလှက ပြောပါတယ်။

"အန်တီတို့ ဒီငါးလွှတ်ပွဲ၊ ဆုတောင်းပွဲက တကယ်တမ်းကျရင် ရွှေတိဂုံဘုရားပေါ်မှာ ၂ဝဝ၄ ခုနှစ် ကနေပြီး ဆုတောင်းပွဲစလုပ်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက်ပေါ့နော်၊ အန်တီ ထောင်ကျတဲ့ အချိန်ပဲ ကျန်တဲ့လူတွေ ဆက်လုပ်တယ်၊ အန်တီတို့ကတော့ ငါးလွှတ်ပွဲကို နှစ်စဉ် လုပ်ခဲ့တာ ၂၃ နှစ်ရှိ ခဲ့ပြီပေါ့နော်၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆုတောင်းပွဲက အန်တီ ၂ဝ၁၂ နောက်ပိုင်း မလုပ်ဖြစ် ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တခြားကိစ္စဖြစ်တဲ့ တောင်သူလယ်သမားတွေ မတရားခံရမှုကိစ္စဖြစ်လို့ အန်တီ မလုပ်ဖြစ်ခဲ့ဘူး"

ဒီနေ့ နိုင်ငံတော် သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ ၈၃ ဦးရှိပြီး အင်းစိန်ထောင်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၆ ဦး လွတ်မြောက်လာတာဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက်သာမက ၂ဝဝ၈ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ ပါရှိတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေအပေါ်မှာ ဖိနှိပ်တဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်နိုင်ရေး ကြိုးစားဖို့လိုတယ်လို့ နော်အုန်းလှက ပြောပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ ငါးလွှတ်ပွဲကို ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်နဲ့ ကရင်အမျိုးသမီးအစည်းအရုံးက အဖွဲ့ဝင်တွေ စုပေါင်းပြုလုပ်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။