နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပ
2016.04.04

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ၂၀ လောက်က ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ ဒီနေ့ ဆုတောင်းပွဲ ကျင်းပကြပါတယ်။
အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မကြာခင် လွတ်မြောက်လာမယ်လို့ မျှော်လင့်ကြောင်း ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ဝင် ကိုဆန်းတင့်ကျော် က ပြောပါတယ်။
"သတိရှိနေတဲ့အစိုးရအဖွဲ့ကို နိုင်ငံရေးအကျဉ်းသားတွေအတွက်ကို ပိုပြီးသတိရှိပြီးတော့ အမြန်ဆုံးလုပ်ဆောင်နိုင် ရန် ထပ်လောင်းသတိပေးလိုက်တာတစ်ခုပါပဲ၊ ကျနော်တို့က တိုက်တွန်းမှုဆိုတာထက် မေတ္တာရပ်ခံတာပေါ့နော်၊ အမြန်ဆုံးလွတ်မြောက်အောင်လုပ်ပေးဖို့ မေတ္တာရပ်ခံမယ်၊ ကျနော်ယုံကြည်နေတယ်ဗျာ ဒီအစိုးရအဖွဲ့က ကျနော်တို့လိုပဲ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့တဲ့လူတွေနဲ့ လက်တွဲပြီးလာခဲ့တဲ့လူတွေ အများစုပါဝင်နေတယ်၊ သူတို့အမြန်ဆုံး လွတ်မြောက်အောင် ကြိုးစားမယ်လို့ ယုံကြည်တယ်၊ ဒီနိုင်ငံရေးအကျဉ်းသားတွေအားလုံး မကြာခင်မှာပဲ လွတ်မြောက်လာမယ်လို့ယုံကြည်တယ်"
အဲဒီဆုတောင်းပွဲမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာ သေဆုံးခဲ့တဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။
ဘာသာပေါင်းစုံအဖွဲ့ဝင်တွေကလည်း ဘာသာအသီးသီးရဲ့ ဆုတောင်းစကားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆုတောင်းကြပါတယ်။
လောလောဆယ်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၉၀ ကျော်ရှိပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။