ပဲခူးမှာ ကိုယ်ဝန်ဆောင်တစ်ဦး သေနတ်မှန်လို့ သေဆုံး

2022.02.01
ပဲခူးမှာ ကိုယ်ဝန်ဆောင်တစ်ဦး သေနတ်မှန်လို့ သေဆုံး သေနတ်ကျည် ထိမှန်သေဆုံးခဲ့တဲ့ ပဲခူးမြို့က မချစ်ချစ်ထွန်းကို တွေ့ရစဥ်
ဓါတ်ပုံ - မချစ်ချစ်ထွန်းဖေ့စ်ဘွတ်

ပဲခူးတိုင်း၊ နန်းတော်ရာရပ်ကွက် အင်းဝင် (၁၀) လမ်းထိပ်မှာ ပင်လယ်စာ အကင်တွေ ရောင်းချနေတဲ့ ကိုယ်ဝန်ဆောင်တစ်ဦးဟာ ဇန်နဝါရီ ၃၁ ရက်ညက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ပစ်လိုက်တဲ့သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်းဟာ မနေ့က ည ဆယ်နာရီ မထိုးခင်က ဆိုင်သိမ်းနေရင်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ညက ပစ်လိုက်တယ်ဆိုတာတော့ ကြားတယ်၊ ဒါပေမဲ့ ညမထွက်ရအမိန့်ရှိနေတော့ ဘယ်သူမှမထွက်ရဲကြဘူး။ ဒီမနက်ရောက်တော့ ကလေးရော အမေရော သေပြီ ကြားတော့ စိတ်မကောင်းဘူး၊ ကျမတို့က သူ့ဆိုင်က ပင်လယ်စာအကင်ဝယ်နေ ကျဆိုတော့ သိတယ်"

မချစ်ချစ်ထွန်းဟာ ဘယ်ဘက်ရင်အုံအနား အပစ်ခံရတာဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီ (၁) ရက် မနက်မှာပဲ ဆေးရုံမှာ မိခင်ရောကလေးပါ သေဆုံးသွားပါတယ်။

သေနတ်နဲ့လှမ်းပြီး အပစ်ခံရတဲ့နေရာနဲ့ တစ်လမ်းကျော်အကွာမှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ လည်း သူကပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းတွေက နန်းတော်ရာရပ်ကွက်ထဲမှာ ဗုံးပေါက်ကွဲတာမျိုးတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာမျိုးရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသခံတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်လို့ စွပ်စွဲထားတာမို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပြီး အတည်ပြု နိုင်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။