သမ္မတဦးထင်ကျော်နဲ့ ဇနီး စတုဒီသာအလှူပွဲကျင်းပ
2016.04.19

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ရဲ့ နှစ်ဦးစတုဒီသာ အလှူကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့က မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။
သမ္မတ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက နှစ်စဉ် ဒီလိုအလှူပွဲတွေ ကျင်းပခဲ့တာဖြစ်တယ်လို့ သုံးခွမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောပါတယ်။
"ဒီနှစ်မှလုပ်တာမဟုတ်ပါဘူး၊ အန်တီဒေါ်စုစုလွင် သုံးခွကိုရောက်ကတည်းကပေါ့၊ ၂၀၁၂ ခုနှစ်တည်းက ဒီနေ့ချိန်ထိပါ၊ အလှူကတော့ နှစ်စဉ်ကျင်းပမြဲပါ၊ ဒီနှစ်ကတော့ အန်တီဒေါ်စုစုလွင်တို့ မလာနိုင်လို့ပေါ့နော်၊ အရင်နှစ်ကဆိုရင် သက်ကြီးပူဇော်ပွဲတွေလည်း ပြုလုပ်ပါတယ်၊ သုံးခွမြို့နယ် တစ်မြို့နယ်လုံးကိုတော့ ဖိတ်ကြားထားတာဖြစ်ပါတယ်"
အဲဒီအလှူပွဲကို သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ မတက်ရောက်နိုင်ဘဲ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြို့နယ်ပါတီဝင်တွေက ဦးစီး ကျင်းပခဲ့တာဖြစ်ပါတယ်။
အလှူပွဲကို သုံးခွမြို့နဲ့ အနီးအနားက ဒေသခံပြည်သူ ၃ထောင်ကျော်လာရောက်ခဲ့ပြီး ဒေသခံတွေက သမ္မတနဲ့ ဇနီးတို့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ ဆုတောင်းမေတ္တာပို့ပေးခဲ့ကြပါတယ်။
သုံးခွမြို့မှာ သမ္မတ ဦးထင်ကျော် နဲ့ ဒေါ်စုစုလွင်တို့ နေအိမ်ရှိပြီး တစ်နှစ်နီးပါး နေထိုင်ခဲ့ကြတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ဒေါ်စုစုလွင်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးခွမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း သုံးခွမြို့နယ်ကနေပဲ အနိုင်ရရှိခဲ့ တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။