အမေရိကန်ရောက် မြန်မာတွေကို သမ္မတဦးသိန်းစိန်က ပြန်လာဖို့ ဖိတ်ခေါ်
2013.05.19

အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ စနေနေ့မှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာ လူမျိုးတွေ အမိမြေကို ပြန်လာပြီး တိုင်းပြည်တည်ထောင်ရေးမှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော် အနောက်မြောက်ရပ်ကွက်မှာ ရှိတဲ့ မြန်မာသံရုံးမှာ သောကြာနေ့ ညနေ ၆ နာရီ က မြန်မာနိုင်ငံက လာရောက်နေထိုင်သူတွေကို ဖိတ်ကြားပြီး သမ္မတ ဦသိန်းစိန်က မိန့်ခွန်းပြောခဲ့ရာ မှာ အာရှတိုက်ရဲ့ ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ ဟာ အခုနောက်ကျကျန်နေပြီဖြစ်တဲ့အတွက် မြန်မာ လူမျိုးအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း ပြော ကြားခဲ့ပါတယ်။
သမ္မတကြီးက အမြဲတန်းနေထိုင်ခွင့် ဥပဒေ အတည်မပြုရသေးပေမယ့် လတ်တလော ပြန်လာလိုသူများကို နေထိုင်ခွင့် စီစဉ်ပေးမှာဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်က နာရီဝက်ခန့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့ အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်စတဲ့ ဝန်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၅ ဦးတို့အပြင် တပ်မတော်ထိပ်တန်းအရာရှိတွေလည်း လိုက်ပါလာပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီခရီးစဉ်ဟာ မိမိတို့မြန်မာနိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမယ့် ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကိုပြောပါတယ်။
"နှစ်ပေါင်းများစွာ အေးစက်နေခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတကြီး အိုဘားမား ကျနော်တို့နိုင်ငံကို လာခဲ့တယ်၊ အခုကျနော်တို့ သမ္မတကြီးက ပြန်လာနိုင်တယ်ဆိုတာ အင်မတန်မှကြီးမားတဲ့ တိုးတက်မှုတစ်ခု၊ အဲဒီတော့ ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင် ပထမအချက်ကတော့ သမ္မတ အိုဘားမားအစိုးရ အဖွဲ့နဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသားဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေကို ဒီခရီးစဉ်မှာ ပိုပြီးတော့ခိုင်မာအောင် မြှင့်တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက ကွန်ဂရက်လွှတ်တော် အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ခိုင်ခိုင်မာမာ ယုံကြည်လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့ ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့်အဆင့်ဖြေလျော့ နောက်ဆုံးမှာ ဖျက်သိမ်းပေးတဲ့အဆင့်အထိရောက်အောင် ကျနော်တို့လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"
မနေ့ညနေကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာလူမျိုး ၂ဝဝ ကျော်ခန့် တက်ရောက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကျင်းပနေချိန်မှာ လူ ၁ဝ ဦးခန့် မြန်မာသံရုံးရှေ့ မှာ လာရောက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုကျော်မြတ်ထူးက မြန်မာအစိုးရဟာ ပြည်သူလူထုအကျိုးကို ထိထိရောက်ေရောက် ဆောင်ရွက်ဖို့လိုကြောင်းပြောဆိုခဲ့ပါတယ်။
"မြန်မာပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်မယ့် အစိုးရမျိုး ဒီကနေ့ကျနော်တို့ တောင်းဆိုနေတာဖြစ် ပါတယ်၊ လာမယ့် ၂ဝ၁၅ မှာလည်း ရိုးသားဖြောင့်မတ်တဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့ အစိုးရမျိူး ကို ကျနော်တို့တောင်းဆိုနေတာဖြစ်တယ်၊ အလုပ်သမား၊ လယ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ်တဲ့စနစ်မျိုး ကို ကျနော်တို့မလိုလားပါဘူး"
မနေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲကို ဝါရှင်တန်ဒီစီ၊ မေရီလန်၊ ဗာဂျီးနီးယား၊ နယူးယောက်၊ နယူးဂျာစီ စတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်အခြမ်းမှာနေထိုင်တဲ့ မြန်မာတွေလာရောက်ခဲ့ပြီး ပရိသတ်ကို ဝါရှင်တန်ဒီစီ မြန်မာ သံရုံးက ညနေစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ခရီးထွက်လာတဲ့ သမ္မတဦးသိန်းစိန်က ဝါရှင်တန်မြန်မာသံရုံးမှာ မေလ ၁၈ ရက်နေ့က မြန်မာလူမျိုးတွေကိုတွေ့ဆုံနှုတ်ဆက်ရင်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီအခမ်းအနားကို သွားရောက်ခဲ့တဲ့ ဦးခင်မောင်စိုးက အခုလို တင်ပြထားပါတယ်။