၆ ပွင့်ဆိုင် တွေ့ဆုံရေးနဲ့ ပတ်သက်လို့ ထိုးနှက်ပြောဆို မှုတွေမလုပ်ဖို့ သမ္မတရုံး သတိပေး
2014.12.04

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး တချို့နိုင်ငံရေးပါတီ တာဝန်ရှိသူတွေဟာ နိုင်ငံတော် သမ္မတ မပြောတဲ့စကားတွေကို ပြောသလိုမျိုး ပြော ဆိုနေကြသလို တဘက်အမြင်သဘောထား မတူသူတွေကိုလည်း ထိုးနှက်တိုက်ခိုက်တဲ့ ပြော ဆိုမှုတွေရှိနေမှုတွေ ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး က ဒီနေ့သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။
ဒီနေ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလို ပြော ပါတယ်။
"သမ္မတကြီးရဲ့ သဘောထားကတော့ ဒီနေ့အချိန်အခါ က အမျိုးသား ပြန်လည်စည်းလုံး ညီညွှတ်ရေးကို တည်ဆောက်နေတဲ့အချိန် ဖြစ် တဲ့အတွက် ဒီပါတီတွေပေါ့နော် ဝေဖန်ပြောကြားတဲ့သူတွေအနေနဲ့ ကိုယ်ပြောမယ့် သတင်းအခြေအမြစ် ကို စိစစ်အတည်ပြု ပြီးတော့မှ သေချာပြီဆိုမှပြောပါပေါ့၊ ဆိုလို့တာက ဝေဖန်ပြောကြားပိုင်ခွင့်ရှိတယ်၊ အဲ့ဒါကို ကျနော်တို့က အသိ အမှတ်ပြုတယ်၊ ကြိုဆိုတယ်၊ ဝေဖန်ပြောကြားမယ့် သတင်းအချက်အလက်ရဲ့ ခိုင်မာမှု သတင်းအခြေအမြစ်ကို စိစစ်ပြီးမှပြောပေါ့နော်၊ အဲ့လိုဝေဖန်ပြောကြားတဲ့အတွက် သက်ရောက်မှုပေါ့နော်၊ ထိုးနှက်တိုက်ခိုက်ရာရောက် သွားတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေရဲ့ အခွင့် အရေးပေါ့နော် သူတို့ရဲ့ဂုဏ်သိက္ခာကို အလေးထားဖို့လိုတယ် ဆိုတာ ထုတ်ပြန်တာပါ"
ပြီးခဲ့တဲ့ ( ၁၁ ) ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုသူတစ်ဦးတို့ ပါဝင်တဲ့ ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုတင်သွင်းခဲ့တာကို လွှတ်တော်ကအတည်ပြုလိုက်ပါတယ်။
ဒီနေ့ ဒီအချိန်ဟာ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေတဲ့ အချိန်ဖြစ်တဲ့အတွက် နိုင်ငံရေး ပါတီတွေအနေနဲ့ သတင်းအချက်အလက်တွေကို စိစစ်ပြီးမှပြောဆိုကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ အဖွဲ့ အစည်းကို ကိုယ်စားမပြုဘဲ လူပုဂ္ဂိုလ်ကိုသာ ကိုယ်စားပြုတဲ့အတွက် လက်တွေ့မကျကြောင်း၊ မဖြစ်နိုင်ကြောင်း RFA အပါအဝင် သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
နိုင်ငံတော်သမ္မတရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။