သမ္မတနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တရက်တည်း နုတ်ထွက်
2018.03.21

သမ္မတ ဦးထင်ကျော် နုတ်ထွက်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်လိုက် ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်လည်း တာဝန်ကနေ တရက်တည်းမှာ နုတ်ထွက်လိုက်ပါတယ်။
ဦးထင်ကျော် နုတ်ထွက်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသစ်မရွေးချယ်ခင်ထိ ဒုတိယ သမ္မတ-၁ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် လောလောဆယ် တာဝန်ထမ်းဆောင်ရပါမယ်။
ဦးမြင့်ဆွေဟာ မော်ရိုကိုနိုင်ငံမှာကျင်းပတဲ့ Crans Montana Forum on Africa and South-South Cooperation တက်ရောက်ပြီး ရန်ကုန်မြို့ကို မနေ့ကပဲ ပြန်ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံ လောလောဆယ်ရင်ဆိုင်ရတဲ့ အဓိကကျတဲ့ မေးခွန်းတွေထဲက တခုဟာ ယာယီသမ္မတ တာဝန်ယူချိန် အတွင်း အရာများစွာကို ဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာရှိတဲ့အတွက် ဦးမြင့်ဆွေ ဘာလုပ်ကိုင်မလဲဆိုတာပါပဲလို့ ကုလသမဂ္ဂတာဝန်ရှိသူဟောင်းဖြစ်တဲ့ ရန်ကုန်အခြေစိုက် မြန်မာ့အရေးလေ့လာသူ Richard Horsey ကပြောပါတယ်။
ဦးမြင့်ဆွေဟာ သီတင်းတပတ်ကျော်ထက်မပိုဘဲ ယာယီသမ္မတတာဝန်ယူချိန်မှာ တိုင်းပြည်ကို စစ်တပ်က ဒု-သမ္မတ တာဝန်ယူတာကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တချို့ပုဂ္ဂိုလ်တွေ စိုးရိမ်ကောင်းစိုးရိမ်မယ်လို့လည်း ပြော ပါတယ်။
ဦးမြင့်ဆွေဟာ အငြိမ်းစား ဒု- ဗိုလ်ချုပ်ကြီးဖြစ်ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နီးစပ်သူဖြစ် ပါတယ်။ စစ်အစိုးရလက်ထက်မှာ အရေးကြီးတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ချိန်က အမေရိကန်ဘဏ္ဍာရေးဌာနက ၂၀၀၇ ခုနှစ်မှာ သူ့ကို နာမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို စစ်အစိုးရက ဆန့်ကျင်တဲ့အတွက် အမေရိကန်ကို ခရီးသွားလာခွင့် နဲ့ ငွေကြေးလွှဲပြောင်းခွင့်တွေကို ပိတ်ဆို့အရေးယူတာပါ။