ဝန်ကြီးဌာနလျှော့ချလိုက်တဲ့ အတွက် ကျပ်သန်းပေါင်း ၅ ထောင်ချွေတာနိုင်မည်
2016.03.21

အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးဦးရေကို လျှော့ချလိုက်တဲ့အတွက် လာမယ့် အစိုးရသစ် သက်တမ်း ၅ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၅ ထောင် ခြိုးခြံချွေတာနိုင်မှာဖြစ်ပြီး အဲ့ဒီငွေတွေကို ပညာရေး ကျန်းမာရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ ပိုမိုသုံးစွဲသွားမှာ ဖြစ်တယ်လို့ သမ္မတအသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတအသစ် ဦးထင်ကျော်က ဝန်ကြီးဌာနအရေအတွက်နဲ့ အမည်စာရင်းကို တင်ပြစဉ်မှာ ရှင်းပြခဲ့ပါတယ်။
"အခုလို ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနအရေအတွက်နဲ့ ပြည်ထောင်စု ဝန်ကြီးဦးရေ လျော့နည်းသွားခြင်း အားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာမှာဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ၊ အချိန်နှောင့်နှေး ကြန့်ကြာမှုတွေ၊ မလိုအပ်ပဲ ငွေကုန်ကြေးကျများ မှုတွေ များစွာလျှော့နည်းသွားမှာဖြစ်ပါတယ်၊ ဒါ့အပြင် လျှော့နည်းသွားတဲ့ ဝန်ကြီးများရဲ့ လစာငွေနဲ့ အဆောင်အယောင် အသုံးစရိတ်ဟာ အစိုးရ ၅ နှစ်သက်တမ်းအတွင်း သန်းပေါင်း ၅ ထောင် ခန့် နိုင်ငံ အတွက် ခြိုးခြံချွေတာပြီးလည်းဖြစ်ပါလိမ့်မယ်၊ ကျနော်တို့ နိုင်ငံဟာ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုကို တက်နိုင်သမျှ လျှော့နည်းသက်သာစေပါမှ၊ အတင်နိုင်ဆုံး ခြိုးခြံချွေတာနိုင်ပါမှ နိုင်ငံတော်ဘဏ္ဍာငွေများ စုဆောင်းနိုင်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်"
ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေတို့ကို ပြည်ထောင်စုလွှတ်တော်မှာ စက်ခလုပ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၆ဝဝ ကျော်ရရှိခဲ့တာကြောင့် အတည်ပြုလိုက်ပါတယ်။
အစိုးရသစ်လက်ထက်မှာ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည် ပြည့်ဝပြီး ကျစ်လျစ်ခိုင်မာတဲ့ ပြည်ထောင်စုအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကို ဦးတည်ဆောင်ရွက် တာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနတွေ လျော့နည်းသွားတာကြောင့် အစိုးရဝန်ထမ်းတွေက အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်နေကြတာကို ကြားသိနေရကြောင်းနဲ့ ဝန်ထမ်းတွေကို သင့်တော်သလို ပြောင်းရွှေ့နေရာချထားပြီး အလုပ်အကိုင်လုံခြုံမှုပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးထားရှိမှာဖြစ်ပြီး အဲဒီ ၁၈ ဦးထဲမှာ ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးဝန်ကြီး ၃ ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်မှာဖြစ် ပါတယ်။