နိုင်ငံရေးအကျဉ်းသား မန္တလေး NLD ကူညီ

နိုင်ငံရေးအကျဉ်းသားများ ကူညီ ထောက်ပံ့ရေး အစီအစဉ်အရ မန္တလေး NLD အဖွဲ့ဝင်တွေက ခန္တီးထောင်မှာ ရှိနေတဲ့ NLD အဖွဲ့ဝင် ဦးညီပုနဲ့ သားဖြစ်သူ ကိုကျော်သူရ အတွက် အလှူငွေ ၃ သိန်း ၁ သောင်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

2011.12.09

ဦးညီပုနဲ့ ကိုကျော်သူရတို့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလမှာ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး သမီးဖြစ်သူ မတိုးတိုးလွင်က အခုလို ပြောပြပါတယ်။

“ဟုမ္မလင်းမြို့နယ် နန်ဒေါမှာ ကျမတို့က စီးပွားရေး သွားလုပ်တယ်လေ။ အဲဒီမှာ စာသင်ကျောင်းရယ်၊ ဆေးရုံရယ်၊ မယက ရုံးရယ်၊ ရဲစခန်းရယ်၊ ဘုန်းကြီးကျောင်းရယ် အဲဒီငါးနေရာကို ခွပ်ဒေါင်းရုပ် ဆွဲသွားတယ်၊ The Best of Democracy ဆိုပြီးတော့ ရေးသွားတယ်။ အဲဒါ ဘယ်သူလုပ်သွားမှန်းတော့ မသိဘူးပေါ့။ အဲဒီအချိန်မှာ အဖေက ဒီ မုံရွာမှာ ရှိတယ်။ အဲဒါကို အဖေက ဆေးဗူး ပို့ပေးတယ်၊ အကိုက လုပ်ပါတယ်ဆိုပြီး မတရားသက်သေနဲ့ ချလိုက်တာ။ တနေရာကို ၂ နှစ်နှုန်းနဲ့ တပေါင်းတည်း မဟုတ်ဘဲ သီးခြားကျခံစေဆိုပြီး နှစ်ယောက်လုံးကို ချလိုက်တယ်။ ငါးနေရာအတွက်ဆိုတော့ ၁ဝ နှစ် ဖြစ်သွားတာပေါ့”

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဦးညီပုရဲ့ မျက်စိ တိမ်ရောဂါကို ထောင်ထဲမှာ ခွဲစိပ်ကုသပေးပေမယ့် မအောင်မြင်ဘဲ မျက်စိတဖက် ကွယ်သွားတယ်လို့ သိရပါတယ်။ ခန္တီး ထောင်ဝင်စာခရီးဟာ ဝေးလွန်းပြီး ကုန်ကျစရိတ် များတဲ့အတွက် အခက်အခဲတွေ တွေ့ရတယ်လို့ မတိုးတိုးလွင်က ပြောပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့် မရသေးရင်တောင်မှ ကိုယ်နဲ့ အနီးစပ်ဆုံး မုံရွာမှာ ထောင်ရှိတယ်၊ အဲဒါလေး ပြောင်းပေးစေချင်တာပေါ့။ ခန္တီးဆိုတာ အရမ်းဝေးတယ်၊ မိသားစု သွားရတာ အရမ်းခက်ခဲတယ်။ မော်တော်သင်္ဘောနဲ့ သွားရင်တောင် နှစ်ညအိပ် သုံးညအိပ် သွားမှ ရောက်တာ။ ခန္တီးမြို့ပေါ် ရောက်ရင်တောင်မှ ခန္တီးထောင်ကို သီးသန့် ကားတို့ ဆိုင်ကယ်တို့ ငှားပြီးမှ သွားရတယ်”

မန္တလေး NLD အဖွဲ့ဝင်တွေရဲ့ လှူဒါန်းငွေကို မုံရွာ NLD အဖွဲ့ဝင်တွေက အကျဉ်းကျ မိသားစုတွေထံကို သွားရောက် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။