အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတဲ့ အလုပ်သမားနှစ်ဦး ရိုက်နှက်ခံရ
2013.07.20
အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရွှေပြည်သာမြို့နယ် တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားနှစ်ဦးကို ထောင်ဝန်ထမ်းက ရိုက်နှက်ခဲ့တယ်လို့ အလုပ်သမားတွေရဲ့ ရှေ့နေက ပြောပါတယ်။
အမှုပေါင်း ၆ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၉ ဦး ဇူလိုင်လ ၁၇ ရက်နေ့က ရွှေပြည်သာမြို့နယ် တရားရုံးကအပြန် အင်းစိန် အကျဉ်းထောင်ကို ပြန်ရောက်လာချိန်မှာ ထောင်ဝန်ထမ်းတစ်ဦးက အလုပ်သမား ကိုသီဟကိုကိုနဲ့ ကိုမောင်မောင်သက် တို့ကို ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အင်းစိန်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ အလုပ်သမားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက RFA ကို ပြောပါတယ်။
"ကျနော်တို့ ၁၈ ရက်နေ့ ညဘက်မှာ အင်းစိန်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တယ်၊ ၁၉ ရက်နေ့ မနက်မှာ အင်းစိန်ထောင်ထဲကို စခန်းမှူးရယ်၊ ကျနော်ရယ် သွားရပါတယ်၊ ထောင်ပိုင်ကြီးနဲ့ စကားပြောခွင့်ရခဲ့ပါတယ်၊ ဒီသတင်းကို ကြားကြားခြင်းပဲ တပ်သား အေးမင်းအောင်ကို စစ်ဆေးပြီးတော့ အကျဉ်းထောင်ဥပဒေအရ အရေးယူဖို့လုပ်နေပြီလို့ သိရပါတယ်၊ စစ်ထားတာတွေကိုလည်း ကျနော့်ကိုပြပါတယ်၊ ပါးစပ်နဲ့တောင်မှ အကျဉ်းသားကို နှိပ်စက်ခွင့်မရှိဘူးပေါ့ ရှင်းပြပေးတယ်”
အဲဒီဖြစ်စဉ်ကြောင့် အပြစ်ကျူးလွန်သူကို အရေးယူပေးဖို့ စာတင်ထားကြောင်း အင်းစိန်ထောင်မှူးကြီး ဦးကျော်ဌေးကလည်း RFA ကို ပြောပါတယ်။
“ကျနော်တို့ အကျဉ်းထောင်ဥပဒေမှာ ဒီအကျဉ်းသား အချုပ်သားကို ရိုက်ခွင့်မှမရှိတာဗျာ၊ အဲဒီလိုရိုက်တဲ့အတွက် သူ့ကိုကျနော်တို့ရဲ့ အကျဉ်းထောင်ဥပဒေအရ အရေးယူထားဖို့ ကျနော်တို့အခု စာလည်းတင်ထားပြီးပါပြီ၊ ကျနော်တို့ ဥပဒေမှာလည်း ခွင့်မပြုဘူး၊ လုပ်တဲ့အတွက်ကိုလည်း သူ့မှာပြစ်မှုထင်ရှားတဲ့အတွက် ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်”
အရိုက်ခံခဲ့ရတဲ့ နှစ်ယောက်ရဲ့ ဒဏ်ရာတွေဟာ စိုးရိမ်ဖွယ်ရာမရှိပေမယ့် အချုပ်သားတွေအနေနဲ့ ခုလိုဖြစ်စဉ်ကြောင့် သူတို့အတွက် လုံခြုံမှုမရှိတော့တာမို့ ထောင်တွင်းဥပဒေတွေကို ဝန်ထမ်းတွေဘက်က လေးစားလိုက်နာစေလိုကြောင်း အဲဒီရှေ့နေက ပြောပါတယ်။