ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားငွေ သုံးသူတွေထံမှ ပြင်ပပေါက်စျေးထက် ပိုဖြတ်နေ
2022.08.30
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာဈေးကို ပုံသေရည်ညွှန်းနှုန်း ၂၁၀၀ ကျပ် သတ်မှတ်ထားပေမယ့် ပုဂ္ဂလိကဘဏ်တွေကတော့ နိုင်ငံခြားငွေ ပေးချေမှုတွေ လုပ်နိုင်တဲ့ ဗီဇာကတ် (Visa Card) နဲ့ မာစတာကတ် (Master Card) အသုံးပြုတွေထံကနေ အပြင်ပေါက် စျေးထက်တောင် ပိုယူနေတယ်လို့ အသုံးပြုနေသူတွေက ပြောပါတယ်။
အဲဒီကတ်တွေထဲကို ပြည်ပနိုင်ငံတွေက ငွေလွှဲတဲ့အခါမှာတော့ ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်း အတိုင်းသာ ဘဏ်တွေက ထည့်သွင်းပေးနေပြီး ကတ်ထဲကနေ ဒေါ်လာနဲ့ ပြန်လည်အသုံးပြုတဲ့ အခါမှာ ဝန်ဆောင်ခဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်ပဒေါ်လာဈေးထက် ပိုဖြတ်တောက်နေတယ် လို့ Online Shopping လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီလိုမျိုးတွေလုပ်နေတာ ဗဟိုဘဏ်က သိတယ်။ ဗဟိုဘဏ်ရဲ့ သဘောတူညီချက်ရလို့သာ သူတို့လုပ်ရဲနေတာ။ တရားဝင် ဝက်ဘ်ဆိုက်ကနေ တင်နေကြတာ။ မမြင်ရတဲ့ Fee တွေ ကောက်နေတဲ့သဘောပဲ။ အရင်ကဆို လုံးဝမရှိဘူး။ အခုက ခေါင်းစဉ်တွေ ခွဲပြီးတော့ကို ရာခိုင်နှုန်းတွေဖြတ်နေတာ။ Cross Border Fee က ၄၅ ရာခိုင်နှုန်းကျော် လာနေတာ။ Transfer Fee ကလည်း ၁၀ ရာခိုင်နှုန်း ဖြတ်တယ်”
အရင်က E-commerce Transaction Fee ကို ၂၀ ရာခိုင်နှုန်းကောက်ခံခဲ့ပြီး အခုနောက်ပိုင်းမှာ နာမည် ပြောင်းလဲပြီး Cross Border Fee အနေနဲ့ ၄၅ ရာခိုင်နှုန်းအထိ တိုးပြီးကောက်ခံမယ့် အကြောင်း ဘဏ်အချို့က ကြေညာထားပါတယ်။
ဒါ့အပြင် အရင်က ဗီဇာကတ်ထဲကနေ တစ်လကို ဒေါ်လာ ၂၅၀၀ သုံးခွင့်ရှိခဲ့ပေမယ့် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး ကျပ် ၂၅ သိန်းပဲ သုံးခွင့်ရတော့တာလည်း ဖြစ်ပါတယ်။
အခုလို ဝန်ဆောင်ခတွေ အဆမတန် တိုးမြှင့် ကောက်ခံလာတာကြောင့် နိုင်ငံခြားကတင်သွင်း ရတဲ့ ကုန်ပစ္စည်းတွေဟာ တစ်နေ့ထက်တစ်နေ့ ဈေးပိုမြင့်တက်လာနေပြီး Online Shopping အရောင်းအဝယ်လုပ်သူတွေအနေနဲ့လည်း လုပ်ငန်းတွေကို ရပ်နားထားရတယ်လို့ ပြောပါတယ်။
နိုင်ငံခြားငွေကို ဘဏ်တွေကနေတစ်ဆင့် အသုံးပြုသူတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပုံသေရည်ညွှန်းဈေး ၂၁၀၀ ကျပ်သတ်မှတ်ထားတဲ့ အမေရိကန် ဒေါ်လာဟာလည်း ဩဂုတ်လ ၃၀ ရက်ဒီနေ့ ပြင်ပဈေးကွက်ထဲမှာ တစ်ဒေါ်လာကို ၃၆၅၀ ကျပ်အထိ စံချိန်တင်တက်နေပါတယ်။