စာရေးဆရာ သားဂျာနယ်ကျော် ကွယ်လွန်
2010.09.23

အသက် ၆၇ နှစ် ရှိပြီြ ဖစ်တဲ့ သားဂျာနယ်ကျော်ခေါ် ဦးမိုးဟိန်းနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ကဗျာဆရာ တဦးက ဦးမိုးဟိန်းဟာ ရွှေဂုံတိုင် အထူးကုဆေးခန်းမှာ ကုသနေရင်းနဲ့ ဒီမနက် ၉ နာရီမှာ ဆုံးပါးသွားကြောင်း ပြောပြပါတယ်၊
ဦးမိုးဟိန်းဟာ အလုပ်က နုတ်ထွက်လိုက်ပြီးတဲ့နောက် လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီး စာပေ၊ ဘာသာရေးနဲ့ ပရဟိတလုပ်ငန်းတွေကို ဇောက်ချ လုပ်ကိုင်နေတာလို့ သမီးဖြစ်သူ ဒေါ်ဟိန်းမြတ်ဟန်က ပြောပါတယ်၊
“အမှန် အဖေက နာဂစ်မတိုင်ခင်ကတည်းက လုပ်တာပါ။ ပရဟိတအလုပ်ကို သူလုပ်တာပါ။ သူ ပထမတော့ အင်ဒိုနီးရှား သံရုံးမှာ ဝန်ထမ်းလုပ်ခဲ့တယ်ပေါ့နော်။ သူအနားယူပြီးတော့ ဒီ ပရဟိတနဲ့ စာပေရယ်၊ သာသနာရယ် သုံးခုကို သူလုပ်ခဲ့ပါတယ်။ သာသနာအနေနဲ့တော့ သူက ကမ္ဘာအေး ပရိယတ္တိ တက္ကသိုလ်မှာ သူပြခဲ့ပါတယ်။ ပြီးတော့ ပရဟိတအနေနဲ့တော့ မေမြို့မှာရှိတဲ့ ဒဟတ် ပရဟိတမှာ သွားပြီးတော့ သူလုပ်တာပါ။ အဲဒါ နာဂစ်မတိုင်ခင်ကတည်းကပါ။ ပရဟိတမှာ စာနဲ့ ပတ်သက်ပြီးတော့ အင်္ဂလိပ်စာတွေ၊ ကွန်ပျူတာ သင်တန်းတွေ၊ ဒါတွေကို သူ လုပ်ခဲ့ပါတယ်။ နာဂစ်က ကလေးတွေကိုလည်း ခေါ်ပြီး ပညာသင်ပေးတာလည်း ရှိပါတယ်။”
ဦးမိုးဟိန်းဟာ ပန်းချီဦးမျိုးခင် ထူထောင်တဲ့ မေမြို့ စည်သာရွာ ဒဟတ် စံပြ ပရဟိတပျိုးခင်းမှာ ကျောင်းသားတွေကို အခမဲ့ အင်္ဂလိပ်စာ သင်ကြားပေးသူ ဖြစ်ပါတယ်၊
နွားထိုးကြီးနဲ့ မြင်းခြံကြား ရွှေဂူကြီး တောရကျောင်းဝင်းမှာလည်း ဉာဏ်တော် ၃၆ ပေ အကျယ် ၃၆ ပေရှိတဲ့ မဟာပရိတ္တ စေတီတော်ကို ကမကထလုပ် တည်နေသူလည်း ဖြစ်ပါတယ်၊
ဦးမိုးဟိန်းရဲ့ အစ်မ ဒေါက်တာခင်လေးမြင့်ဟာလည်း ထင်ရှားတဲ့ ပြင်သစ်ဘာသာ ပါရဂူဖြစ်ပြီး ၂၀၀၇ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်၊ ဦးမိုးဟိန်းရဲ အစ်ကို ကွယ်လွန်သူ ဦးသိန်းတန်ဟာ နှမလက်လျှော့နေလေတော့ ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်၊