ကျောက်မီးသွေးစက်ရုံ ကန့်ကွက်ကြ
2014.12.14

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက် မယ့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ ကျော်လောက်က ဒီနေ့ ရေးမြို့မှာ ဆန္ဒပြခဲ့ကြ ပါတယ်။
ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် အဲ့ဒီကျောက် မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တာကို အလိုမရှိကြောင်း ဆန္ဒပြသူ တစ်ဦးဖြစ်တဲ့ ဦးကျော်မိုးအေးက ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ဒေသမှာ ထိခိုက်မှု ၃ ခုရှိမှာပေါ့ဗျာ၊ ၁ ကျန်းမာရေးထိခိုက်မယ်၊ ၂ သဘာဝပတ်ဝန်းကျင်ထိခိုက်မယ်၊ ၃ ကျနော်တို့ရဲ့ စီးပွားရေးထိခိုက်မယ်၊ ထိခိုက်မှု ၃ ခုရှိတာ ကျနော်တို့ဒေသတစ်ခုလုံးမှာ ဖြစ်လာမှာမို့လို့ ဆန္ဒပြခြင်းဖြစ်ပါတယ်ဗျ၊ ကျောက်မီသွေးဟာ တစ်ကမ္ဘာလုံးက ဖျက်သိမ်းလိုက်တယ်၊ အန္တရာယ် မရှိဘဲနဲ့ ဘယ်သူမှမဖျက်သိမ်းဘူး၊ သူတို့ဘယ်လောက်ပဲ ထိန်းသိမ်းမှုကောင်းသည်ဖြစ်စေ တချိန်ကျ ရင် ဆိုးကျိုး ကပေါ်လာမှာပဲ၊ နှစ်ကြာလာလေကြာလာလေ သူ့ဆိုးကျိုးတစ်ခုခုထွက်လာမှာပဲ၊ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီကျောက်မီးသွေးစက်ရုံကို လုံးဝလက်မခံတာပါ"
ဆန္ဒပြပွဲမှာ အံဒင်၊ အစင်၊ ဓမင်းဆိပ်၊ ဇီးဖြူတောင်၊ ကလောကြီး၊ ကျုံလောင်းစတဲ့ ရွာ ၂ဝ ကျော်က တောင်သူတွေ လည်း ပါဝင်ခဲ့ကြပါတယ်။
အဲ့ဒီလျှပ်စစ်ဓာတ်အားပေးစက်ရုံကို Toyo Thai ကုမ္ပဏီက တည်ဆောက်မှာဖြစ်ပြီး တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ၁၂၈ဝ မဂ္ဂါဝပ်ထုတ်လုပ်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လက Toyo Thai ကုမ္ပဏီနဲ့ လျှပ်စစ်ဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာမှာ လက်မှတ်ရေးထိုးခဲ့ပြီး အဲ့ဒီ စက်ရုံအတွက် အံဒင်ကျေးရွာက မြေဧက ၅ဝဝ မှာတည်ဆောက်မှာ ဖြစ်ပါတယ်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် မြမဉ္ဇူကျေးရွာအနီးမှာ 24 Hour Mining and Industry ကုမ္ပဏီက ဆောက်လုပ်မယ့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒေသခံ ၇ဝဝ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် ဥယျာဉ်ခြံမြေတွေ သိမ်းဆည်းခံရမှာနဲ့ သဘာဝပတ် ဝန်းကျင်ထိခိုက်မှာကို စိုးရိမ်တာကြောင့် စီမံကိန်းကို ကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တောင်သူ ဦးမောင်အေးက ပြောပါတယ်။
"အဲ့ဒီစက်ရုံကြောင့် ရေချိုအရင်းအမြစ်ဆုံးရှူံးမှာကို စိတ်ပူနေတာလည်းပါတယ်၊ လက်ရှိဥယျာဉ်ခြံတွေကိုလည်း လက်လွတ်မခံနိုင်ဘူး၊ ရေထုနဲ့လေထုညစ်ညမ်းသွားမှ ကျန်းမာရေးထိခိုက်သွားမှတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ့်ကိန်း အဲ့ဒါတွေမလိုချင်ဘူး"
အဲ့ဒီစက်ရုံကို ၂၀၁၅ ခုနှစ်မှာ စတင်တည်ဆောက်ဖို့ စီစဉ်ထားပြီး ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကို မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကို တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။