ထောင်ဒဏ်ချမှတ်ခံရသူ ၃ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို


2018.12.11
kachin-activists-free-protest-622.jpg ဒုက္ခသည်တွေအရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက် နဲ့ ဒေါ်နန်ပူ တို့ ၃ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၂၀၁၈၊ ဒီဇင်ဘာ ၁၁ ရက်နေ့က မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုစဉ်
Photo: Elizabeth/ RFA

ဒုက္ခသည်တွေအရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက် နဲ့ ဒေါ်နန်ပူ တို့ ၃ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီနေ့ မြစ်ကြီးနားမြို့မှာ လူအင်အား ၆ ထောင်ခန့်က ဆန္ဒပြတောင်းဆိုကြပါတယ်။

သူတို့ ၃ ဦး အပေါ် တရားမျှတမှုမရှိဘဲ စီရင်ဆုံးဖြတ်တဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးကို ပြင်းထန်စွာ ရှုံ့ချကြောင်း ဆန္ဒပြအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဒုက္ခသည်တွေ လွတ်မြောက်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအတွက် ကြိုးပမ်းခဲ့ကြသူတွေအပေါ် စီရင်ဆုံးဖြတ်ချက်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး မဟုတ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ဖိနှိပ်ခြင်းသက်သက်သာဖြစ်ကြောင်း ဆန္ဒပြအပြီး ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ဒါကြောင့် တရားမျှတမှုမရှိဘဲ ထောင်ချခံထားရတဲ့ သူတို့ ၃ ဦး ကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ကချင်လူငယ်တွေ၊ ဘာသာရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့တွေ ဒေသခံတွေ ပါဝင်တဲ့ လူအင်အား ၆ ထောင်ခန့်ဟာ ခွင့်ပြုချက်နဲ့ စီတာပူ မနောကွင်းကနေ မြို့တစ်ပတ်လှည့်ပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။

ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက် နဲ့ ဒေါ်နန်ပူတို့ ၃ ဦး ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့ရာမှာ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက် တာဖြစ်ပါတယ်။

ဒီလို ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ခုစလုံး ချမှတ်လိုက်တာဟာ မတရားဘူးလို့ ယူဆတဲ့အတွက်  ဆန္ဒထုတ်ဖော် တာ ဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် က RFA ကိုပြောပါတယ်။

“ဒီလိုဆုံးဖြတ်ချက်ချမှတ်တဲ့အပေါ်မှာ ဒေသခံတွေက မခံနိုင်တော့လို့ အခုလိုလှုပ်ရှားရခြင်းဖြစ်ပါတယ်။ ဒီလိုအမှုမျိုးနဲ့ပတ်သက်ပြီး တခြားဒေသတွေမှာလည်း ရှိပါတယ်။ ဒါပေမဲ့ ငွေဒဏ် သို့မဟုတ်ရင် ထောင်ဒဏ် နှစ်ခုထဲကနေ တစ်ခုကို ရွေးပြီးမှ များသောအားဖြင့် ငွေဒဏ်နဲ့ပဲ ဆုံးဖြတ်ချက်ချပါတယ်။ ဒီသုံးယောက် အမှုမှာတော့ အဲလိုမဟုတ်ဘဲ ထောင်ဒဏ် ၆ လပြီးတော့ ငွေဒဏ် ၅ သိန်းဆိုတာက များလွန်းပြီးတော့ မတရားရာ ကျပါတယ်။ အဲဒီ ၅သိန်းတောင်မှ ၅နာရီမှာ လာမပေးနိုင်ရင် ထောင်ဒဏ်ကို နောက်ထပ် ၆လ တိုးမြှင့်မယ်လို့ ခြိမ်းခြောက်ခြင်းလည်း ခံရပါတယ်။”

မတရားမှုပပျောက်ဖို့နဲ့ နောက်ထပ်ဒီလို မတရားစွဲဆိုခံရတာတွေ မဖြစ်ဖို့ ဆန္ဒပြပွဲမှာပါဝင်တာဖြစ်ကြောင်း ကျွန်းပင် သာရပ်ကွက်က မနူးနူးဆန့် က RFA ကို ပြောပါတယ်။

“ဒီကိုလာရောက်ခြင်းရဲ့ အဓိကအကြောင်းအရင်းက မတရားမှု ပပျောက်ဖို့ ပါဝင်ခြင်းဖြစ်တယ်။ နောက်ထပ်ဒီလိုမျိုးကိစ္စတွေ မဖြစ်အောင် ကျမတို့တွေရဲ့ဆန္ဒတွေကို ဖော်ထုတ်ခြင်းဖြစ်တယ်”

ပိတ်မိနေတဲ့ ပြည်သူတွေကို လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တာကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ တရားမျှတမှု မရှိတဲ့အတွက်  ချက်ချင်းလွတ်စေချင်တယ်လို့   ကာမိုင်းမြို့နယ် ထွယ်ဆန်ယန် စစ်ရှောင် စခန်းက ဦးဇော်တောင်က RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက တပ်မတော်နဲ့ ကေအိုင်အေတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ပြည် သူတွေ လွတ်မြောက်ဖို့အတွက် ဧပြီလကုန်ပိုင်းကနေ မေလဆန်းအထိ မြစ်ကြီးနားမြို့မှာ ဒေသခံတွေက တောင်းဆို ဆန္ဒပြခဲ့တာကြောင့် ဦးဆောင်သူတွေဖြစ်တဲ့ ဦးဇော်ဂျက်၊ ဦးလွမ်းဇောင်း နဲ့ ဒေါ်နန်ပူတို့ ၃ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

သူတို့ ၃ ဦးလွတ်မြောက်ရေးအတွက် မနောကွင်းမှာ ဘာသာရေးခေါင်းဆောင်တွေက ဆုတောင်းပေးခဲ့ကြပါတယ်။

ဒီလိုထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒုက္ခသည်တွေ လူသားချင်း စာနာမှုအကူအညီတွေရရှိဖို့ တောင်းဆိုတဲ့လုပ်ရပ်ဟာ တရားစွဲဖို့မဟုတ်ကြောင်း ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်သင့်ကြောင်း ထုတ်ပြန်ခဲ့သလို ဆွီဒင်သံရုံးကလည်း

ပြည်သူတွေ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်အနေနဲ့ လေးစားလိုက်နာဖို့လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အီးယူ ဥရောပသမဂ္ဂကလည်း ပိတ်မိနေတဲ့ပြည်သူတွေအတွက် ဆန္ဒထုတ်ဖော်တာကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်အပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ပြန်လည်သုံးသပ် သင့်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်ရှင်။  

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။