ပြင်ဦးလွင်မှာ မြေသိမ်းစစ်တပ် နဲ့ ဒေသခံတွေအကြား ရိုက်နှက်မှုဖြစ်ပွား


2015.01.27

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၁ မှာ တပ်မတော် အင်ဂျင်နီ ယာတပ်ရင်းက သိမ်းထားတဲ့ မြေဧက ၁၀၀ ကျော်မှာ တပ်သား ၄၀၀ လောက်က ဒီနေ့ ခြံစည်းရိုးဝင်ခတ်ရာ နေထိုင်နေ သူတွေက တားမြစ်တာကြောင့် ရိုက်နှက် မှုတွေဖြစ်ပွားခဲ့ပါတယ်။

လက်ရှိနေထိုင်နေသူတွေကို ကြိုတင် အကြောင်းကြားတာမရှိဘဲ ခြံစည်းရိုးဝင် ခတ်တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ် ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ရပ်ကွက်ကြီး ၁ မှာ နေထိုင်သူ ကိုချမ်းသာက ပြောပါတယ်။

"သူတို့တပ်သားအင်အားတွေနဲ့ အလုပ်လုပ်မယ့်နေရာကို လူတွေဝင်တိုးလို့မရအောင် ကာထားတာပေါ့၊ ဒီဖက်ကလူတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ကြတာပေါ့ဗျာ၊ ဒီဖက်ကအရပ်သားတစ်ယောက်ကို သူတို့ဖက်လူက ရိုက်လိုက်တယ်၊ သူ့ကိုဆေးရုံးကြီးကို ကျနော်ကိုယ်တိုင် လိုက်ပို့ထားတာပါ၊ ခေါင်းကိုထိထားတာပေါ့၊ နောက်အမျိုးသား တစ်ယောက်လည်း ပြင်ဦးလွင်ဆေးရုံးမှာ တက်နေပါတယ်ခင်ဗျ"

ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန်သူ ၄ ဦးဟာ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

တပ်မတော် အင်ဂျင်နီယာတပ်ရင်းက ရပ်ကွက်ကြီး ၁ မှာရှိတဲ့ မြေဧက ၁၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်က သိမ်းယူခဲ့တာဖြစ်ပြီး ဒေသခံတွေကို ဆက်လက်နေထိုင်ခွင့်နဲ့ စိုက်ပျိုးခွင့်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲ့ဒီနောက် ၂၀၁၂ ခုနှစ်မှာစပြီး သီးနှံစိုက်ပျိုးခွင့်မပြုတော့ဘဲ ဒီလကုန်မှာ နေအိမ်တွေပါ ဖယ်ရှားပေးဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီမြေဧက ၁၀၀ ကျော်မှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး နေထိုင်သူတွေက မပြောင်းရွှေ့ပေးနိုင်ကြောင်း တပ်ရင်းထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ရပ်ကွက်ကြီး ၁ မှာ နေထိုင်တဲ့ ကိုချမ်းသာကို RFA သတင်းထောက် မစန်းမော်အောင် က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။