ရခိုင်ပြည်နယ်ပဋိပက္ခ စိုးရိမ်စရာဖြစ်နေကြောင်း ကုလ သတိပေး
2024.04.19

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာဟာ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ပြောလိုက်ပါတယ်။
ရိုဟင်ဂျာတွေကို ထပ်မံပြီး နောက်တစ်ကြိမ် ကြောက်မက်ဖွယ်ရာ နှိပ်စက်သတ်ဖြတ်မှုတွေ ပေါ်ပေါက်မလာအောင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဖိအားပေးကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာလူမျိုးတွေကြား တင်းမာမှုတွေရှိနေချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် တစ်ကျော့ပြန်သတ်ဖြတ်မှုတွေ ထပ်မံဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။
“အန္တရာယ် သတိပေးခေါင်းလောင်းသံတွေ ပေါ်ထွက်နေပါပြီ၊ နောက်တကြိမ် အတိတ်ကလို ထပ်မံဖြစ်ပွားမှာကို ကျွန်တော်တို့ ခွင့်ပြုလို့မရပါဘူး” လို့ Volker Turk က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနစ်က စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးနောက်ပိုင်း ရိုဟင်ဂျာ တစ်သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရသလို နှစ်စဉ်နှစ်တိုင်းလည်း ထောင်နဲ့ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မလေးရှားနဲ့ အင်ဒိုနီးရှားကို စွန့်စွားထွက်ခွာနေကြဆဲလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA ကြား တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးနောက် မြို့နယ် ၁၇ မြို့နယ်ထဲက ၁၅ မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရာနဲ့ချီ ထိခိုက်သေဆုံးခဲ့ရသလို ပြည်သူ သုံးသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။