ရခိုင်နဲ့ စစ်ကိုင်းက စစ်ဘေးဒုက္ခသည်တွေ သောက်သုံးရေပြတ်လပ်မှုကြုံနေ

RFA Burmese
2024.05.09
ရခိုင်နဲ့ စစ်ကိုင်းက စစ်ဘေးဒုက္ခသည်တွေ သောက်သုံးရေပြတ်လပ်မှုကြုံနေ ရသေ့တောင်မြို့၊ ပြည်တော်သာကန်နှင့် မိုးရေဝင်ထားသည့်ကန်အချို့တွင် ညနေပိုင်း ရေခပ်ဆင်းနေကြသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပူပြင်းတဲ့ ရာသီဥတုကြောင့် သောက်သုံးရေပြတ်လပ်မှုကို ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မနေ့က ထုတ်ဝေတဲ့ အပတ်စဉ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ဘေးဒုက္ခသည်တွေနဲ့ ရပ်ရွာလူထုဟာ မသန့်ရှင်းတဲ့ရေကို သုံးစွဲရတာ၊ ချက်ပြုတ်ဖို့နဲ့ သောက်သုံးရေရဖို့ ခရီးဝေးသယ်ယူရတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေလည်း ရှိတယ်လို့ UNOCHA က သတိပေးထားပါတယ်။

ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြတ်ထွန်းကတော့ နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“စစ်ရှောင်တဲ့ရွာတွေမှာ အရင်က ရွာခံတွေပဲ တစ်ထောင်လောက်ရှိရင်တော့ သူတို့အသုံးပြုနေတဲ့ ရေတွင်း၊ ရေကန်က အဆင်ပြေတယ်။ အခုထပ်ရောက်သွားကြတဲ့ စစ်ရှောင်တွေ ထပ်တိုးလာတော့ ရေတွင်း၊ ရေကန်တွေက မလုံလောက်တော့ဘူး။ နောက်တစ်ခါ စစ်ရှောင်တွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောလို ရောဂါတွေလည်း ခံစားကြရတယ်။ ဒါကြောင့် ဒီစစ်ရှောင်တွေအတွက် အကူအညီလိုပါတယ်”

စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးရေးလုပ်ငန်းတွေကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းမှာလည်း ကာလရှည် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေရှိနေပြီး သူတို့အတွက် စားသောက်နေထိုင်ရေး အခက်အခဲတွေရှိလာပြီလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးနေသူတွေက ပြောပါတယ်။

UNOCHA အနေနဲ့ကတော့ လူသားချင်း စာနာမှုဆိုင်ရာ သွားလာခွင့်တွေ မရသေးပေမဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဘေးဒဏ်သင့် ဒေသတွေဆီ သောက်သုံးရေး အကူအညီပေးဖို့ နည်းလမ်းတွေ လုပ်ဆောင်နေတယ်လို့လည်း ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနိုင်မှု အခြေအနေသိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူတွေကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူ သုံးသန်းကျော်အထိ ရှိလာနေတယ်လို့ ကုလသမဂ္ဂရုံးက မေလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။