အမ်းမြို့နယ်မှာ အရပ်သားလှေပစ်ခတ်ခံရလို့ နှစ်ဦးဒဏ်ရာရ တစ်ဦးဒဏ်ရာပြင်းထန်


2020.08.20

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းတံတားအနီးမှာ ဒေသခံတွေရဲ့ ငါးဖမ်းလှေတစ်စီးကို တံတားမှာ နေရာယူထားတဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်၊ ဗုံးသီးတွေနဲ့ ပစ်ခတ်လို့ လှေပေါ် ပါလာတဲ့ အရပ်သားနှစ်ဦးဒဏ်ရာရပြီး အဲဒီအထဲက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ ပြင်ဆင်နေကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်း ကွေ့ရှည်ကျေးရွာက အသက် ၄၈ နှစ်အရွယ် ဦးမိုးအောင်ဟာ အဖော်နှစ်ဦးနဲ့အတူ ဒီနေ့မနက် ၈ နာရီလောက်က မျှောပိုက်ဖော်နေစဉ် ကဇူးကိုင်းတံတားမှာနေရာယူထားတဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ဘယ်ဘက်ပေါက်မှာ ကျည်ဖောက်ဝင်သွားတယ်လို့ လှေပေါ် လိုက်ပါလာသူတွေနဲ့ အကူအညီပေးနေသူတွေကပြောပါတယ်။

လှေဟာ ပိုက်ဖော်နေရင်း မြစ်ညာရေနဲ့အတူ တံတားအနီးကို မျောပါလာရာကနေ ပစ်ခတ်ခံရတာလို့ လှေပေါ်မှာ အတူပါလာတဲ့ ဦးမောင်မြင့်သန်းက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့က ပိုက်ဖော်နေတဲ့အခါ မြစ်ညာရေက တအားကြီးကျလာတယ်။ ပိုက်ကိုဖော်ရင်းဖော်ရင်းကနေ ပြီးတဲ့အခါ တံတားနားဆီကိုရောက်သွားတဲ့အခါ တံတားပေါ်ကနေ လှမ်းပစ်ပါတယ် မြန်မာ့တပ်မတော်က။ ပစ်တာကတော့ တိုက်ပွဲကြီးတစ်ပွဲဖြစ်တာလောက်ကို ပစ်တာပါ။ လက်နက်ကြီးတွေနဲ့လည်း သုံးလေးချက်ပစ်ပါတယ်။ ကျွန်တော်ကတော့ ရေထဲကိုခုန်ဆင်းပြီးရင် လှေကိုဆွဲယူပြီးကူးခတ်ရပါတယ်။ လှေကတစ်ယောက် ပေါင်ကျိုးသွားပါတယ်။ နောက်တစ်ယောက်မှာ တင်ပါးကိုထိပါတယ်။ ပစ်တာကတော့ အကြီးအကျယ်အပစ်ခံရပါတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ ရေထဲကိုကျတဲ့လက်နက်ကြီးဆိုရင် ရေပန်းဟာ အပေါ်ကို လက်အတောင်နှစ်ဆယ်လောက် မြင့်တက်သွားတယ်”

လက်နက်ငယ်တွေ၊ ဗုံးသီးတွေနဲ့ တရစပ်ပစ်ခတ်ခံရတာကြောင့် ဦးမိုးအာင်မှာ ဘယ်ဘက်ပေါင် ကျည်ထိမှန်သွားသလို လှေပေါ်ပါလာတဲ့ အသက် ၄၂ နှစ်အရွယ် ဦးခင်မောင်ရွှေမှာလည်း တင်ပါးမှာ ကျည်စရှပ်ထိ ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

ကဇူးကိုင်းတံတားမှာ နေရာယူထားတဲ့ တပ်မတော်လုံခြုံရေးအဖွဲ့က ရက္ခိုင့်တပ်တော်(AA) အပေါ် စစ်ဆင်ရေး အတွက် ချောင်းထဲသွားလာတာတွေကို ပြီးခဲ့တဲ့နှစ်ကပင်တားမြစ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် စားဝတ်နေရေးမပြေလည်တာကြောင့် သူတို့သုံးဦးဟာ ချောင်းထဲမှာ ညအချိန်မျှောပိုက်ချပြီး ငါးရှာနေတာ သုံးရက်ရှိပြီဖြစ်ပြီး ဒီနေ့မှာမှ ပစ်ခတ်ခံရတာလို့ ဦးမောင်မြင့်သန်းကပြောပါတယ်။

သူတို့လှေကို အနီးဆုံးဆေးရုံဖြစ်တဲ့ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ဆေးရုံကိုဆက်မောင်းပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။

ပေါင်ကိုကျည်ဖောက်ဝင်သွားတဲ့ ဦးမိုးအောင်ဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ဒီနေ့ညနေမှာ စစ်တွေဆေးရုံကြီး ကို ကုတို့စက်လှေနဲ့ ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ အကူအညီပေးနေတဲ့ ကမ်းထောင်းကြီးမြို့ခံ ဦးဇော်မိုးက ပြောပါတယ်။

“လူနာနဲ့ပတ်သက်လို့ ဆရာဝန်ကြီးကိုမေးကြည့်တော့ လူနာရဲ့ပေါင်ရိုးကိုထိသွားတယ်လို့ပြောတယ်။ အဲဒါကြောင့်မို့လို့ စစ်တွေက အရိုးအထူးကုဆရာဝန်ကြီးဆီကိုပို့မယ်ဆိုပြီး အဲလိုစီစဉ်ထားပါတယ်။ စစ်တွေကို ဒီနေ့ညနေ ငါးနာရီလောက်မှ ကမ်းထောင်းကြီးကနေ မော်တော်ကုတို့ဘုတ်ကထွက်မှာ။ စစ်တွေကိုတော့ မနက်ဖြန် နေ့လယ်လောက်မှ ရောက်ပါမယ်”

တင်ပါးမှာ ဒဏ်ရာရတဲ့ ဦးခင်မောင်ရွှေရဲ့ဒဏ်ရာကတော့ မပြင်းထန်တဲ့အတွက် ဆေးရုံကိုပို့ဆောင်ဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။

အမ်းမြို့နယ် ဒလက်ချောင်းအထက်ပိုင်းကျေးရွာတွေကို ဒလက်ချောင်းရေလမ်းနဲ့ ကုန်းလမ်းက ဆက်သွယ်သွားလာနိုင်ပေမယ့် ဒေသခံတွေကတော့ ရေလမ်းကိုသာ အဓိကအသုံးပြုကြရတာပါ။

ဒလက်ချောင်းအထက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ရဲ့ ပြီးခဲ့တဲ့နှစ်ကပင် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း တပ်မတော်က ချောင်းကိုဖြတ်သန်းတည်ဆောက်ထားတဲ့ ကဇူးကိုင်းတံတားမှာ နေရာယူထားတာလို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေရဲ့လှေတွေ တံတားအနီးရောက်လာချိန် ပစ်ခတ်ခံရတာ အနည်းဆုံး ၆ ကြိမ်ခန့် ရှိခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူ ဦးမိုးအောင်ရဲ့ ယောက်ဖတစ်ဦးဖြစ်သူ ဦးမောင်မြဝင်းက တပ်မတော်အနေနဲ့ AA အဖွဲ့ကိုသာ တိုက်ခိုက်စေလိုပြီး အရပ်သားတွေကို ထိခိုက်အောင် မလုပ်စေချင်ဘူးလို့ ပြောပါတယ်။

“ပြောချင်တာကတော့ ကျွန်တော်တို့ပြည်သူလူထုတွေ ဒီလိုမျိုးပဲထိခိုက်နေမယ်ဆိုရင် အကြောက်တရားတွေ လွှမ်းမိုးပြီး အကုန်လုံးက မသွားရဲမလာရဲဖြစ်သွားစေတယ်။ ကုန်းလမ်း၊ ရေလမ်းတွေကသွားတိုင်းတစ်ယောက်စီ တစ်ယောက်စီ ပစ်ခတ်ခံနေရတယ်။ လက်နက်ကြီးကျည်တွေမှန်တယ်။ ထိခိုက်ဒဏ်ရာရတယ်။ သေကြေကြ တယ်ဆိုတော့ ကျွန်တော်တို့ပြည်သူတွေက ကြောက်လာကြရတယ်။ ဒီလိုမျိုးမဖြစ်စေချင်ဘူး။ အထက်အကြီးအကဲတွေကိုပြောချင်တာက အဓိကနစ်နာနေတာက ပြည်သူလူထုတွေဖြစ်တယ်။ သူတို့မှာ သက်ဆိုင်တဲ့အဖွဲ့နဲ့ ဖြစ်နေတာကအကြောင်းမဟုတ်ဘူး။ ပြည်သူလူထုတွေက ကြားထဲက မနစ်နာစေချင်ဘူး။ ကျွန်တော်တို့ဟာ ကျွဲနှစ်ကောင်ခတ်နေတဲ့ကြားထဲက မြေဇာပင်လိုဖြစ်နေကြတာ”

ဒီနေ့မနက် ကဇူးကိုင်းတံတား တပ်မတော်လုံခြုံရေးအဖွဲ့က အရပ်သားငါးဖမ်းလှေကို ပစ်ခတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုအချိန်ထိ အဆက်အသွယ်မရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ အရပ်သားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုတွေက တဖြည်းဖြည်းများလာနေတာပါ။

RFA က ရရှိတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလကနေ ဒီနေ့အထိ ထိခိုက်ဒဏ်ရာရသူပေါင်း ၆၁၀ ဦးနဲ့ သေဆုံးသူပေါင်းက ၂၇၉ ဦးအထိ ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။