အမ်းမြို့က စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် အကူအညီလိုအပ်
2024.04.02
ရခိုင်ပြည်နယ် အမ်းမြို့အနီးတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပေမယ့် လုံခြုံရေးအခြေအနေတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ခွင့်မရဘူးလို့ လူမှုကူညီရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။
အမ်းမြို့အနီးကျေးရွာတွေမှာ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေလို့ စစ်ဘေးဒုက္ခသည်စခန်းဖွင့်ခွင့်မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“စစ်ဘေးရှောင်စခန်းကတော့ ဖွင့်လို့မရဘူး။ စခန်းတွေဘာတွေဆိုရင်လေယာဉ်နဲ့ဗုံးကြဲတာရှိတယ်။ လူအများကြီးနေရာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းနေရာတွေကို လက်နက်ကြီးပစ်တာရှိတော့ ကယ်ဆယ်ရေးစခန်းဖွင့်တာမရှိဘူး။ အမျိုးတွေ ဘာတွေ ရှိတဲ့နေရာတွေမှာ ခိုကပ်နေတာရှိတယ်။”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင်းမှာ တိုက်ပွဲဖြစ်တာမရှိပေမဲ့ မြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုတွေရှိတာကြောင့် လုံခြုံရေးကြောင့် ပြောင်းရွှေ့သွားကြသူတွေများနေတယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့အနီး အမ်း-ပဒန်းကားလမ်းတစ်လျှောက် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား မတ်လ ၂၆ ရက်နေ့ကစပြီး နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ရိုးမဖြတ်လမ်းကို ရက်အကန့်အသတ်မရှိပိတ်ထားလိုက်တယ်လို့ AA က ဧပြီလ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
အမ်းမြို့တွင်းမှာ ပိတ်မိနေကြတဲ့ပြည်သူတွေရှိနေပြီး စားနပ်ရိက္ခာကို ခွဲတမ်းနဲ့သာဝယ်ခွင့်ရနေတာကြောင့် ရိက္ခာပြတ်လပ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အခု မိမိတို့မှာရှိတဲ့ ဆန်တွေကုန်ရင်သွားပြီပေါ့။ ဘယ်လိုမှမရတော့ဘူးလေ။ ဗမာပြည်ဘက်ကလည်း မရတော့ဘူး ဆိုတော့ ဆန်တွေကုန်ရင်သွားပြီပေါ့။ ကားတစ်စီးချလိုက်ရင် လူတစ်ယောက်ကို ဆန်နှစ်ပြည် သုံးပြည်ရတဲ့ဟာ မိသားစုများတဲ့သူက နှစ်ရက်သုံးရက်ဆိုရင် ကုန်ပြီလေ။”
တိုက်ပွဲတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။