ရခိုင်ပဋိပက္ခအတွက် ရဲနဲ့ စစ်တပ်လိုအပ်ဆဲလို့ ပြည်နယ် ရဲမှူးကြီး ပြောကြား
2014.04.24

ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေထပ်မံမဖြစ် ပွားဖို့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အား ကို ဆက်လက်ထားရှိမှာဖြစ်သလို တပ်မတော်သာ မရှိဘူးဆိုရင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ဆိုတာ မဖြစ်နိုင်သေးကြောင်း ပြည်နယ်ရဲမှူးကြီး ဦးနေမျိုးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်ပြည်နယ်လုံခြုံရေး နဲ့ပတ်သက်ပြီး သံဃာတော်တွေ၊ ပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တွေမြို့ခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်နယ် ရဲမှူးကြီး ဦးနေမျိုးက အခုလိုပြောခဲ့တာပါ။
"ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေ မရှိ လို့မရပါဘူး၊တပ်မတော်ဆိုတာလည်း မရှိလို့မရပါဘူး ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော် မရှိလို့ရှိရင် ဒီဒေသကြီးဒီလိုဆက်ပြီး တည်ငြိမ်အေးချမ်းနေဖို့ဆိုတာ အများကြီးခက်ခဲပါတယ် ၊လက်ရှိအခြေအနေ နဲ့ပေါ့နော်၊ဘူးသီးတောင် ၊ မောင်တောမှာဆိုရင် ပိုသိသာတယ်"
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဒေသခံတွေနဲ့ INGO တွေအကြားဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒေသ တွင်း ဝင်ရောက်အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှု အဖွဲ့အစည်းတွေအနေ နဲ့ နိုင်ငံ တကာစည်းမျဉ်း စည်းကမ်းတွေ လိုက်နာဖို့လိုသလို ဒေသရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့တွေကို အလေးထားဖို့ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။