ရခိုင်နဲ့ဧရာဝတီမှာ မိုးကြီး ပြီး လေပြင်းတိုက်ခတ်နိုင်
2015.08.12

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ဒီရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံဘက်ကို ဖြတ်ကျော် ဝင်ရောက်နိုင်တဲ့အတွက် ရခိုင်ကမ်း ရိုးတန်းတလျှောက်မှာ လေပြင်း တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှုး ဦးကျော်မိုးဦး က ပြောပါတယ်။
"လေဖိအားနည်းရပ်ဝန်းကတော့ အိန္ဒိယဖက် ကမ်းကိုကပ်နေပြီပေါ့လေ၊ မနက်ဖြန်၊ သဘက်ခါဆို အိန္ဒိယကိုဝင်သွားမယ်ပေါ့လေ၊ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ကျနော်တို့ဘက် ကမ်းရိုးတန်းဒေသတွေမှာလည်း လေပြင်းတိုက်ခတ်တဲ့ အနေအထားလည်းရှိနိုင်တယ်ပေါ့၊ ရခိုင်တို့၊ ဧရာဝတီတို့ဘက်မှာတော့ မိုးနည်းနည်းကြီးနိုင် ပါတယ်၊ အောက်ပိုင်းတွေမှာတော့ မုတ်သုန်အားကောင်းနေ လို့ မွန်ပြည်နယ်၊ တနင်္သာရီ တွေမှာတော့ မိုးများနိုင်တဲ့ အနေအထားရှိပါတယ်"
ဒါ့အပြင် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာလည်း မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသနဲ့ ပဲခူးတိုင်းအနောက်ခြမ်း က ဒေသတချို့တို့မှာ ရေလွှမ်းမိုးခဲ့ပြီး အခုချိန်ထိ ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်ထားရဆဲဖြစ်ပါတယ်။