ရခိုင်ပြည်နယ်အတွက် ငွေကျပ်သိန်း ၃ ထောင်နီးပါး လှူဒါန်း


2017.12.11
kachin-donate-622.jpg ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက် ဒီဇင်ဘာ ၁၁ ရက်နေ့ က ပြည်သူ၊ အစိုးရနဲ့ လုပ်ငန်းရှင်းတွေက ကျပ်သိန်းပေါင်း ၂၈၀၀ ကျော်ကို စုပေါင်းလှူဒါန်းကြစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်အစိုးရနဲ့ ပြည်သူတွေ လုပ်ငန်းရှင်တွေ စုပေါင်းပြီး ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ်သိန်းပေါင်း ၃ ထောင် နီးပါးကို ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာတွေကနေ ပြည်နယ်အဆင့်အထိ အုပ်ချုပ်ရေးအဖွဲ့ဝင် ဝန်ထမ်းတွေနဲ့ ပြည်သူတွေ၊ လုပ်ငန်း ရှင်တွေက ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ဒီနေ့ စုပေါင်းလှူဒါန်းပွဲ ကျင်းပခဲ့တာဖြစ်ပြီး အလှူငွေကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က လက်ခံခဲ့ပါတယ်။

အခမ်းအနားမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လူသားချင်းစာနာမှု ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ အတူ စည်းလုံးညီညွှတ်စွာနဲ့ တိုင်းရင်းသားပြည်သူအားလုံးက လှူဒါန်းကြတာဖြစ်တယ်လို့ ပြောပါတယ်။

"အခုလို ကျနော်တို့ နိုင်ငံမှာပေါ့လေ၊ ကျနော်တို့ ပြည်ထောင်စုမှာ ဘယ်နေရာပဲဖြစ်ဖြစ် တိုင်းရင်းသား ညီအကိုများအားလုံး ပြည်ထောင်စုစိတ်ဓါတ်၊ စည်းစည်းလုံးလုံးညီညီ ညွှတ်ညွှတ်နဲ့ အားလုံးဝိုင်းဝန်း ကူညီမယ်ဆိုတဲ့ ကျနော်တို့ ကမ္ဘာကိုပြမယ့် ပုံရိပ်ဖြစ်ပါတယ်။ ငါးကျပ်၊ တစ်ဆယ်ကအစ အရေးကြီးတာက တစ်တိုင်းပြည်လုံး တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်တယ်၊ ပူးပေါင်းတယ်၊ ထည့်ဝင်တယ်၊ လှူဒါန်းတယ်ဆိုတဲ့ ပုံရိပ်မျိုးကို ဆောင်ရခြင်းဖြစ်ပါတယ်။ အကောင်အထည်ဖော်ရခြင်းဖြစ်ပါတယ်။"

လှူဒါန်းငွေတွေကို ရခိုင်ပြည်နယ်အတွင်း လူနေအိမ်တွေ တည်ဆောက်တဲ့ နေရာတွေ အပါအဝင် ဖွံ့ဖြိုးရေး ကဏ္ဍတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ရခိုင်ပြည်နယ်အတွက် ဒီကနေ့ လှူဒါန်းမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အုပ်ချုပ်ရေးနဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အစိုးရရဲ့လုပ်ငန်းတွေမှာ တင်ဒါအောင်ပြီး လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေ အပါအဝင် လုပ်ငန်းရှင်တွေနဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း တချို့တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။