အသွားအလာကန့်သတ်ထားတဲ့ ဒေသခံတွေကို ပြည်နယ်အစိုးရ ကူညီမည်

နီမင်းထွန်း
2020.08.25

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေလူနာ တစ်နေ့တခြားပိုတိုးလာရာမှာ အင်တာနက် ဆက်သွယ်ရေး ပိတ်ပင်ထားတဲ့ ဒေသတွေမှာပါ ကူးစက်မှုရှိလာတာကြောင့် ထိထိရောက်ရောက် ကာကွယ် တားဆီးနိုင်ပါ့မလားလို့ အများက စိုးရိမ်နေကြပါတယ်။ ဝင်ထွက်သွားလာခွင့် ကန့်သတ်ထားတဲ့နေရာတွေလည်း ပိုတိုးလာတာကြောင့် အဲဒီနေရာဒေသတွေက ဒေသခံပြည်သူတွေ စားသောက်ရေး အခက်အခဲတွေလည်းရှိနေပြီး သူတို့ကို အစိုးရက တစ်အိမ်ထောင်ကို ငွေကျပ် နှစ်သောင်းနှုန်း ထောက်ပံ့ကူညီဖို့ စီစဉ်နေတယ်လို့ ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စစ်တွေမြို့မှာ လေးဦးနဲ့ ဘူးသီးတောင်မြို့ မှာ လေးဦး ထပ်တွေ့တယ်လို့ မနေ့က သြဂုတ်လ ၂၅ ရက်နေ့ ညနေက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သလို မနေ့က မနက်ကလည်း စစ်တွေမြို့မှာ ပိုးတွေ့လူနာ ၁၃ ဦး တွေ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့မနက်မှာတော့ ပိုးတွေ့လူနာမတွေ့ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ မနေ့က လေယာဉ်မရှိတာကြောင့် သွေးနမူနာတွေကို မပို့နိုင်လိုက်နိုင်တဲ့အတွက် မတွေ့တာဖြစ်ပြီး မနေ့က ပိုးတွေ့လူနာစတွေ့တဲ့ ဘူးသီးတောင်မြို့မှာလည်း ကျန်းမာရေး ဝန်ထမ်းတွေ အသိပညာပေး လုပ်ဆောင်နေတယ် လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို ပြောပါတယ်။

“မနေ့က စစ်တွေမှာ စစ်လို့ရတဲ့ဟာကို စစ်ပြီးပြီ။ ဒီနေ့လေယာဉ်နဲ့ ပို့မှာပေါ့လေ။ မနက်ဖြန်ထွက်မှာပေါ့နော်။ ကျွန်တော်တို့က အင်တာနက်ကို လုပ်လို့ရတဲ့ဌာနမှ မဟုတ်တာ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ကိုတော့ လက်ကိုင်လော်စပီကာတွေနဲ့ ပြောဖို့ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီးကလည်း ညွှန်ကြားထား တယ်လေ။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကပေးတဲ့ အချက်အလက်တွေကို လက်ကိုင်လော်စပီကာတွေနဲ့ ပြောပေးတယ်။ အော်ပေးတယ်ပေ့ါနော်။”

မနေ့က ပိုးတွေ့လူနာ လေးဦးတွေ့တဲ့ ဘူးသီးတောင်မြို့မှာတော့ ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်နေကြပြီး အင်တာနက်လိုင်း သုံးလို့မရတာကြောင့် သတင်းတွေကိုလည်း တိတိကျကျမသိရဘူးလို့ ဘူးသီးတောင်မြို့ခံ တစ်ဦးဖြစ်တဲ့ ကိုအောင်ချေက RFA ကို ပြောပါတယ်။

“ဘူးသီးတောင်လူထုရဲ့ အခြေအနေက စိုးရိမ်နေကြတာပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ အင်တာနက်လိုင်းလည်း မရဘူး။ မီးလည်း အခုအဖြတ်ခံထားရတယ်ဆိုတော့ တော်တော်လေးကို စိုးရိမ်နေကြတယ်။ သတင်းလည်း ဘာမှ တိတိကျကျ ခိုင်ခိုင်မာမာ မသိရဘူး။ ကျွန်တော်တို့ သိရသလောက် ကြားရသလောက်ကတော့ ပိုးတွေ့ လူနာတွေက အိမ်မှာပဲ ကော်ရန်တင်းဝင်နေတဲ့သူပေါ့နော်။ စစ်တွေက ပြန်လာတဲ့သူတွေမှာ တွေ့တာလို့ ကြားရတယ်။”

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေဟာ အင်တာလိုင်း သုံးလို့မရတဲ့ ဘူးသီးတောင်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာလည်း တွေ့လာတဲ့အတွက် တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်လာပြီး အစိုးရက အင်တာနက်လိုင်း ဖွင့်ပေးသင့်တယ်လို့ ပြောပါတယ်။

“လက်ရှိအခြေအနေအရဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွက် အရမ်းစိုးရိမ်စရာဖြစ်နေတယ်။ ဘူးသီးတောင်တို့၊ မြောက်ဦးတို့ စသည်အားဖြင့် အင်တာနက် ပိတ်ဆို့ခံရတဲ့ဒေသတွေ ရှိတယ်။ ပလက်၀ အပါ အဝင်ပေါ့။ အဓိကက ဘာလဲဆိုတော့ ကျွန်တော်တို့က သတင်းအချက်အလက် မရရှိတဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို မသိကြဘူး။ အဲဒီတော့ စိုးရိမ်ရမယ့်ဟာက လူမသိ သူမသိ ကူးစက်ခံရတဲ့သူတွေ အများကြီး ရှိနေနိုင်တာပေါ့နော်။ အစိုးရကတော့ နောက်ထပ်လူနာတွေ မကူးစက် မပြန့်ပွားရအောင် အမြန်ဆုံး ထိန်းကျောင်းပေးဖို့ လိုတာပေါ့နော်။ နောက်ထပ် ဒီထက်မပြန့်ပွားအောင်က သတင်းအချက်အလက်တွေရရှိဖို့ အမြန်ဆုံးအင်တာနက် ဖွင့်ပေးဖို့ပြောချင်ပါတယ်။”

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းတွေ့ရှိတဲ့ လူနာအများဆုံးရှိနေတဲ့ စစ်တွေမြို့မှာလည်း လော့ခ်ဒေါင်း လုပ်ထားတဲ့ ရပ်ကွက်တွေ များလာတဲ့အတွက် အဲဒီနေရာက လက်လုပ်လက်စား ဒေသခံတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်တွေမြို့ခံတစ်ဦးဖြစ်တဲ့ ဦးဇော်ရှိန်က ပြောပါတယ်။

“လော့ခ်ဒေါင်းချထားတဲ့ နေရာတွေကတော့ ကျွန်တော်တို့ သိရသလောက် ခြောက်နေရာရှိတယ်။ ဒါပေမဲ့ အခုပိုးတွေ့လူနာတွေကလည်း များလာတော့ လော့ခ်ဒေါင်းနေရာတွေက ထပ်တိုးလာမှာပါ။ ရွှေ့ပြောင်း အလုပ်သမားတွေပေါ့နော်။ ပန်းရံအလုပ်သမားတွေများတယ်။ လက်သမားတွေရှိတယ်။ ဆိုက်ကားသမားတွေ ရှိတယ်။ ဟင်းသီးဟင်းရွက် ရောင်းတဲ့သူတွေရှိတယ်။ အခက်တွေကတော့ အခုသုံးရက်၊ လေးရက်အတွင်းမှာ တောင် သူတို့အတွက် ကျွန်တော်တို့လည်း ဝိုင်းဝန်းရှာပေးရတာတွေရှိတယ်။ လော့ခ်ဒေါင်းက ၂၁ ဆိုတော့ ပိုဆိုးမှာပေါ့။”

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ လော့ခ်ဒေါင်းလုပ်ထားတဲ့ ရပ်ကွက်တွေက အခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက ထောက်ပံ့ကူညီသွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှု အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ပြည်ထောင်စုနဲ့ ပြည်နယ် ပူးပေါင်းလုပ်ဆောင်နေပြီး ကျန်းမာရေးဝန်ထမ်းတွေလည်း ထပ်မံအားဖြည့်ထားတယ်လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာတစ်ဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က စစ်တွေမြို့မှာ စတွေ့ခဲ့တာပါ။ အခုဆိုရင် ပြည်တွင်းကူးစက်ခံရသူ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ စစ်တွေမြို့မှာ ၇၁ ဦး၊ ဘူးသီးတောင်မှာ လေးဦး၊ မြောက်ဦးမြို့မှာ သုံးဦးနဲ့ သံတွဲမြို့မှာ နှစ်ဦး စုစုပေါင်း ၈၀ ဦး အထိရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။