ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသူ ရခိုင်များ ၂၀၀၀ နီးပါးရှိ
2014.04.13

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ဘင်္ဂလားဒေရှ်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဟာ ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေထိုင် ဖို့ရောက်ရှိလာတာ ဒီနှစ်အတွင်း အများဆုံးဖြစ်ပြီး လူဦးရေ နှစ်ထောင်နီးပါးရှိသွားပြီလို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေကို မောင်တောမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီနေရာချထားပေးနေကြောင်း ရွှေ့ပြောင်းလာ သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မောင်တောမြို့၊ ဗဟိုကျောင်းတိုက် ဆရာတော် အရှင်အာစာရက RFA ကို မိန့်ကြားပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဝင်ရောက်လာကြတဲ့ ရခိုင်မျိုးနွယ်စု ဝင်တွေကို အစိုးရက မောင်တောမြို့နယ်ထဲက ရခိုင် တိုင်းရင်းသားကျေးရွာတွေမှာ အခြေချနေထိုင်ခွင့်ပြုထားပြီး အခု နောက်ထပ်ဝင်ရောက်လာသူတွေအတွက်လည်း တိုင်းရင်းသားကျေးရွာအသီးသီးမှာ လုံးချင်းနေအိမ် အလုံးပေါင်း ၁၈၀ ကျော်ကို စတင်ဆောက်လုပ်နေကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်ဘက်ကို ရွှေ့ပြောင်းလာကြတဲ့ ရခိုင်မျိုးနွယ်စုတွေထဲမှာ ဒိုင်းနက်၊ မြို၊ မာရမာကြီး၊ ခမီး စတဲ့ လူမျိုးနွယ်စုတွေ အများဆုံးဖြစ်ပြီး လက်ရှိ အိမ်ထောင်စုပေါင်း ၄၀၀ ရှိတယ်လို့ ဗဟိုကျောင်းတိုက် ဆရာတော် အရှင်အာစာရက မိန့်ပါတယ်။