IRC ရဲ့ ရခိုင်ပြည်နယ်ထဲက တက်လမ်းစီမံချက် ရပ်ဆိုင်း
2020.01.08
ရခိုင်ပြည်နယ်မှာ ဆောင်ရွက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး စီမံကိန်း တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်ကြောင်း IRC က သတင်းထုတ်ပြန် လိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ တက်လမ်းစီမံချက်ဟာ မြေပုံနဲ့ မင်းပြားမြို့နယ်တွေက ကျေးရွာပေါင်း ၁၀၂ ရွာမှာ အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
တက်လမ်းစီမံချက် ဆောင်ရွက်နေတာ ၅နှစ်ကြာ ရှိပြီဖြစ်ပြီး လူဦးရေ ငါးသောင်းခြောက်ထောင်ကျော် ကို စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီတွေ ပေးခဲ့ပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
ရခိုင်ပြည်နယ်အစိုးရက လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ၂၀၁၈ ခုနှစ်က ညွှန်ကြားခဲ့ပြီးနောက် ခရီးသွား လာခွင့် တစ်နှစ်ခန့် မရရှိပဲ စီမံကိန်းကို မူလသတ်မှတ်ထားတာထက် တစ်နှစ်စောပြီး ရပ်ဆိုင်းခဲ့ရ တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ဟာ IRC ဟာ မူလသဘောတူညီချက် MOU မှာမပါဝင်တဲ့ သတင်းသမားတွေကို နယ်မြေတွင်း ခေါ်ဆောင်ခဲ့တာကြောင့် ရပ်ဆိုင်းခဲ့တာလို့ ပြောပါတယ်။
“ဟုတ်ပါတယ် သူတို့မှာအသုံးပြုတဲ့သူတွေက သတင်းသမားတွေဖြစ်နေတယ်။ သူတို့က ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မပြောတတ်ဘူး အဲဒီတော့ ဒါတွေက မဖြစ်သင့်တဲ့အရာတွေ MOU ထဲမှာပါတဲ့ သူတွေလည်းမဟုတ်ဘူး ဖြစ်တာကြောင့် ခဏ ရပ်ဆိုင်းထားတာပါ။”
တက်လမ်းစီမံချက် ပိတ်သိမ်းရတာဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက IRC အနေနဲ့ ပြည်နယ်အစိုးရထံ ခရီး သွားလာခွင့် လျှောက်ထားရာမှာ စာရွက်စာတမ်းအပိုင်းမှာ မရည်ရွယ်ဘဲ ရိုးသားစွာ မှားယွင်းခဲ့တာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“IRC အနေနဲ့ သတင်းသမားတွေကို ရခိုင်ပြည်နယ်တွင်း ခေါ်ယူတာမျိုးမဟုတ်ပဲ ပြည်တွင်းက မြန်မာနိုင်ငံသား သတင်းသမား ရန်ကုန်ဂျာနယ်လစ် သင်တန်းသားတွေကို တက်လမ်းစီမံကိန်းရဲ့ လုပ်ဆောင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြနိုင်ဖို့ ခေါ်ယူရာမှာ မှားယွင်းပြီး ဝန်ထမ်းစာရင်းနဲ့ လျှောက်ထားမိခဲ့တာ ဖြစ်တယ်လို့ IRC တာဝန်ရှိသူတစ်ဦးက RFA ကို အီးမေးလ်က တစ်ဆင့်ဖြေကြားပါတယ်။ IRC အနေနဲ့ လိမ်လည် လှည့်ဖျားလိုခြင်း မဟုတ်ပဲ လျှောက်ထားတင်ပြပုံ လွဲမှားသွားခဲ့တာ သာဖြစ်ကြောင်း ဖြေကြားပါတယ်။”
တက်လမ်းစီမံချက်အတွင်း မြေပုံနဲ့ မင်းပြားမြို့နယ်တွေမှာ လုပ်ဆောင်ပေးတဲ့လုပ်ငန်း တချို့အနေနဲ့ ရေငန်တား တာတမံဆောက်လုပ်ပေးတာ၊ ရေတံခါး ၂၄ ခုတည်ဆောက်ပေးတာ၊ ဆားငန်ရေဒါဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာတွေကို ဖြန့်ဝေပေးခဲ့တာ ကျေးရွာပေါင်း ၉၇ ရွာမှာ အမျိုးသမီး ၂၅၀၀ ကျော် ကို ငွေကြေးစီမံခန့်ခွဲမှု သင်တန်းတွေပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖန်တီးပေးခဲ့ တာတွေ ရှိပါတယ်။
တက်လမ်းစီမံချက်ဟာ အစိုးရမရောက်နိုင်တဲ့ နေရာတွေအထိ ပံ့ပိုးကူညီပေးနိုင်ခဲ့တာဖြစ်ပြီး ခုလို ရပ်ဆိုင်း လိုက်ရတာဟာ ဆုံးရှုံးမှုပဲလို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
“အခုအစိုးရက ရပ်ဆိုင်းလိုက်တာ ဘာကြောင့်လဲဆိုတာ မသိပေမယ့် မလုပ်သင့်တဲ့ အရာတစ်ခုလို့တော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တက်လမ်းစီမံကိန်းဟာ အစိုးရမလုပ်နိုင်တဲ့ နေရာတွေ သိပ်ပြီး အလေးမထားတဲ့ အရာတွေကို တက်လမ်းက အကောင်အထည်ဖော်ပေးတာ ရှိတယ်။ အစိုးရမသွားနိုင်တဲ့ နေရာတွေကို ရောက်အောင်သွားပြီး အများကြီး လုပ်ဆောင်ပေးတာ ရှိတယ် ကျေးလက်ဒေသက လိုအပ်တဲ့ အပိုင်းတွေကို လုပ်ဆောင်ပေးနေတာရှိတယ်။ လိုအပ်ချက်ပေါင်းများစွာကို ဖြည့်စည်းပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဆုံးရှုံးသွားတယ်လို့ မြင်တယ်။”
တက်လမ်းစီမံချက်ကို "ကုလသမဂ္ဂရဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ အစီအစဉ်" က အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆ သန်း ရန်ပုံငွေ ထောက်ပံ့ခဲ့တာဖြစ်ပြီး စီမံကိန်း ရပ်ဆိုင်းထားရတဲ့ ၁၂ လကြာ ကာလအတွင်း ရန်ပုံငွေ ဆက်လက်ထောက်ပံ့ခဲ့ပေမယ့် အခုအခါ လုပ်ငန်းမလုပ်ဆောင်နိုင်တော့တဲ့အတွက် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ကြောင်း IRC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လုပ်ငန်း ရပ်ဆိုင်းလိုက်ရတာကြောင့် မြေပုံနဲ့ မင်းပြားဒေသခံ ဝန်ထမ်း ၆၀ နီးပါး အလုပ်အကိုင်ဆုံးရှုံးခဲ့ ရပါတယ်။
စီမံကိန်း ရပ်ဆိုင်းလိုက်ရတာကြောင့် ဒေသခံတွေရဲ့လိုအပ်ချက်တွေ ဖြည့်စည်းပေးနိုင်မှု လျော့သွားပြီး လက်ရှိဖြစ်နေတဲ့ ပဋိပက္ခအတွင်း ပြန်လည် ထူထောင်နိုင်မှုကိုလည်း နှေးကွေးသွားစေနိုင်တယ်လို့ IRC က ထုတ်ပြန်ပြောကြားပါတယ်။
မြန်မာနိုင်ငံဟာ လူမှုကရုဏာလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းလိုအပ်နေပြီး IRC ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ဘေးအန္တရာယ် ကျရောက်နိုင်မှု မြင့်မားတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။