ကျေးရွာအုပ်စု ၁၁ ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်


2017.08.12
yathittaung-polices-622 ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သြဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်
.

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးမတည်ငြိမ်မှုတွေ ဖြစ်နေတာကြောင့် စေတီပြင် တိုက်နယ်ထဲ က ကျေးရွာအုပ်စုပေါင်း ၁၁ ခုကို မနေ့ကစပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ် ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က အောက်နန်းရာရွာမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အပြန်အလှန် တိုက်ခိုက်တာတွေဖြစ်ပွားပြီးနောက်ပိုင်း ဒေသတွင်းမတည်မငြိမ်ဖြစ်နေလို့ အခုလိုထုတ်ပြန်တာလို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။

"ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က အောက်နန်းရာကျေးရွာအုပ်စုက နယ်ခြားစောင့်ရဲတပ်ဖွဲ့က တရားခံ သွားဖမ်းတာ တစ်ရွာလုံးကဝိုင်းလိုက်တာပေါ့နော်၊ ဘူးသီးတောင်၊ မောင်တောဘက်မှာလည်း မြို လူမျိုးတွေ သတ်ပစ်တာတွေရှိတယ်၊ ချွတ်ပြင်ရွာက ခရုကောက်သွားတဲ့ ဦးသန်းဌေးဆိုသူလည်း ပျောက် သွားတယ်၊ ချွတ်ပြင်ရွာချောင်းထဲမှာလည်း အလောင်း ၃ လောင်းတွေ့တယ်၊ လုံခြုံရေးမတည် မငြိမ် ဖြစ်နေတာပေါ့နော်၊ စေတီပင်တိုက်နယ်တစ်ခုလုံးကို ၁၁ ရက်နေ့ ညကစပြီးတော့ ပုဒ်မ ၁၄၄ ထုတ်လိုက်ပါတယ်၊ ကျေးရွာအုပ်စု ၁၁ ခု အကျုံးဝင်ပါတယ်၊ အချိန်ကတော့ ည ၉ နာရီကနေ မနက် ၅ နာရီအထိပါ၊ ဒီအမိန့်က ၂ လပါ"

လက်ရှိမှာ လုံခြုံရေးအရ ရဲကင်းစခန်းတစ်ခုကို အရင်ကထက် ၂ ဆ တိုးမြှင့်ချထားလိုက်ပြီး တပ်မတော်ဘက်က လည်း စစ်ကြောင်းတွေ ထပ်မံဖြည့်တင်းထားတယ်လို့ ပြောပါတယ်။

အခုလိုဖြစ်စဉ်တွေကြောင့် ရခိုင်တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ သဇင်မြိုင် ၊ ပေါက်ပင်ရင်း စတဲ့ရွာတွေက ဒေသခံတွေဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရှိတဲ့ စေတီပြင်ရွာကို ရွာလုံး ကျွတ် ပြောင်းရွှေ့လာကြသူတွေကိုလည်း လုံခြုံရေးအပြည့်နဲ့ သူတို့နေရပ်မှာ ပြန်လည်နေရာချထားပေးတယ်လို့ သိရပါတယ်။

အောက်နန်းရာရွာနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကိုလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ တပ်မတော် စစ်ကြောင်းတွေက တပ်ရင်း၊ တပ်ဖွဲ့အလိုက် လုံခြုံရေးအပြည့်နဲ့ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သြဂုတ် လ ၉ ရက်နေ့အထိ သေဆုံးသူ ၅၉ ဦး၊ ပျောက်ဆုံးနေသူ ၃၃ ဦးအထိ ရှိလာတယ်လို့  မနေ့က နေ့စွဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ကြေညာထားပါတယ်။ မောင်တောခရိုင်အတွင်း အုပ်ချုပ်ရေး မှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူတွေ၊ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့သူတွေ အပါအဝင် အစ္စလာမ်ဘာသာဝင် အများအပြား သတ်ဖြတ်ခံခဲ့ရပြီး အခုနောက်ဆုံး မြိုတိုင်းရင်းသား ၇ ဦး အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။