စာသင်ကျောင်းများ ပြုပြင်ရေး မိုင် ၈၀ လမ်းလျှောက်ပွဲ ပြီးဆုံး
2014.02.16

ရခိုင်ပြည်နယ်က ချို့တဲ့တဲ့ စာသင်ကျောင်းတွေ ဆေးပေးခန်းတွေ ပြုပြင်ပေးဖို့ ရည်ရွယ်ချက်နဲ့ စစ်တွေကနေ မြောက်ဦးမြို့အထိ မိုင် ၈၀ ခရီးကို တစ်ပါးတည်း လမ်းလျှောက်တောင်းဆိုခဲ့တဲ့ စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက်က အရှင်စက္ကိန္ဒ ဟာ ဒီနေ့ မြောက်ဦးမြို့ကို ရောက်ရှိပြီး ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
အရှင်စက္ကိန္ဒဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တွေမြို့ကနေ ထွက်ခွာပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေ က ကျေးရွာပေါင်း ၁၀၀ လောက်ကို ရောက်ရှိခဲ့ ပြီး လေ့လာတွေ့ရှိချက်တွေကို အခုလို မိန့်ကြားပါတယ်။
“အခြေအနေ မကောင်းတဲ့ကျောင်းတွေက အရမ်းများတယ်၊ ပုဏ္ဏားကျွန်းတွေမှာဆိုလို့ရှိရင် စာသင်ကျောင်းတွေက နွားတင်းကုတ်လို ဟာတွေ တွေ့ခဲ့ရတယ်၊ ကျောက်တော်မြို့နယ်မှာ ဆိုလို့ရှိရင် အမိုးက ဓနိမိုးထားပြီးတော့ ဝါးတိုင် ကလေး ၁ဝ တိုင်နဲ့ နံရံလည်းမရှိဘူး၊ အောက်ကအခင်းလည်းမရှိဘူး၊ မူလတန်းကျောင်းဆိုပြီးတော့၊ အရမ်းအံ့အားသင့်နေကြတာပေါ့လေ၊ ဒီခေတ်အခါကြီးမှာ ဒီလိုကျောင်းမျိုးလေးတွေကို တွေ့ခဲ့ ရတယ်၊ နောက်နံရံတစ်ဖက်ပဲရှိတယ်၊ နောက်သုံးဖက်မရှိဘူး၊ နှစ်ဖက်ရှိတယ်၊ နောက်နှစ်ဖက်မရှိ ဘူး၊ ပြတင်းပေါက် ဟင်းလင်းပြင်နဲ့ တံခါးတွေမရှိဘူး၊ အမျိုးမျိုးပေါ့လေ၊ ပညာရေးအတွက် အရမ်းရင်လေးဖို့ကောင်းတဲ့ အနေအထားမျိုးတွေ လမ်းတစ်လျှောက်မှာတွေ့ခဲ့ရတယ်”
အရှင်စက္ကိန္ဒက ခရီးစဉ်တစ်လျှောက်မှာရှိတဲ့ ဖွံဖြိုးမှုနိမ့်ကျတဲ့ ကျေးလက်စာသင်ကျောင်း ၆၀ လောက်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဲဒီအထဲက စာသင်ကျောင်းပေါင်း ၃၀ နီးပါးလောက်ဟာ အသစ်ပြန်လည်ဆောက်လုပ်ဖို့ လိုအပ်နေသလို ကျန် ၃၀ လောက်ဟာလည်း ပြန်ပြင်ဖို့ လိုအပ်တာတွေကို တွေ့ရတယ်လို့လဲ မိန့်ပါတယ်။
ကျေးလက်စာသင်ကျောင်း၊ ဆေးပေးခန်းတွေကို အမြန်ဆုံး ပြုပြင်တည်ဆောက်နိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ရှင်းပြပြီး အကူအညီပေးဖို့ တိုက်တွန်းသွားမယ်လို့ သိရပါတယ်။