မြိုတိုင်းရင်းသားတွေကို ကူညီစောင့်ရှောက်ပေးဖို့ သမ္မတထံ မေတ္တာရပ်ခံ
2016.04.29

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြိုတိုင်းရင်းသား တွေကို ကူညီစောင့်ရှောက်ပေးဖို့ မြိုအမျိုးသားဒီမိုကရေစီ ပါတီက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံစာပေးပို့လိုက်ပါတယ်။
ကျောက်တော်မြို့နယ် ပညာဝကျေးရွာမှာရောက်ရှိနေတဲ့ မြိုတိုင်းရင်းသားတွေဟာ အစိုးရရဲ့ ကူညီ ထောက်ပံ့မှုကိုမရတာကြောင့် ကြာသပတေးနေ့က အခုလို မေတ္တာရပ်ခံစာပေးပို့လိုက်တာလို့ မြိုဒီမိုကရေစီပါတီရဲ့ဥက္ကဌ ဦးဦးမြထွန်းက ပြောပါတယ်။
"ပညာဝစာသင်ကျောင်းမှာပဲ ခိုလှုံနေရတယ်၊ နွေရာသီပူပြင်းတဲ့အချိန်မှာ သောက်ရေအခက်အခဲ၊ ကျန်းမာရေးအခက်အခဲတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတယ်၊ မြိုရဲ့ပြည်သူလူထု၊ အခက်အခဲဒုက္ခတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့အနေနဲ့ စေတနာပါပါနဲ့ ကြည့်ရှုသင့်ပါတယ်လို့ ကျနော်မေတ္တာရပ်ခံပါတယ်"
ပညာဝကျေးရွာကို ရောက်ရှိနေတဲ့ မြိုတိုင်းရင်းသား စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နယ် သပြုချောင်းကျေးရွာနဲ့ ကျောက်တော် မြို့နယ် မောင်နှမကျေးရွာတွေကဖြစ်ပြီး အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့လောက်ကနေစတင်ပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာတွေမှာ အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို အရေးကြီးအစီအစဉ်တစ်ရပ်အနေနဲ့ ကြီးကြပ်စောင့်ရှောက် ထောက်ပံ့ပေးဖို့ကိုလည်း ပေးပို့တဲ့စာထဲမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။