စပါးမျိုးစိတ်အစားထိုးစိုက်ပျိုးဖို့ ရခိုင်မှာ စီစဉ်


2018.07.23
farmers-rakhine-622.jpg ရခိုင်ပြည်နယ်က စပါးစိုက်ပျိုးနေတဲ့ တောင်သူတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ မိရိုးဖလာစိုက်ပျိုးထုတ်လုပ်နေတဲ့ စပါးမျိုးစိတ်တွေကို အဆင့်မီမျိုးကောင်းမျိုးသန့်တွေနဲ့ အစားထိုးပြောင်းလဲစိုက်ပျိုးနိုင်အောင် စီစဉ်နေတယ်လို့ ပြည်နယ်စိုက်ပျိုးရေးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်က တောင်သူတွေစိုက်ပျိုးနေတဲ့စပါးမျိုးစိတ်တွေဟာ အရည်အသွေးညံ့ဖျင်းတဲ့အတွက် အစားထိုး စိုက်နိုင်အောင် ဆောင်ရွက်နေတာလို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စံသာက ပြောပါတယ်။

"ထိုင်းတို့၊ မလေးရှားတို့၊ စင်္ကာပူတို့ စပါးထုတ်လုပ်တာ အင်ဒိုနီးရှားတို့ ဗီယက်နမ်တို့ကဆန်တွေနဲ့ ယှဉ်လိုက်ရင် အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်ကထွက်တဲ့စပါးတွေဟာ အရည်အသွေးညံ့တာကို တွေ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ပထမအစတည်းကနေ မျိုးကောင်းမျိုးသန့်တွေကို စတင်ပြီးတော့ မစိုက်ခဲ့တာကြာခဲ့ပြီဖြစ်လို့ ဖြစ် ပါတယ်။ အဲဒါတွေကြောင့် ကွာလတီအရည်အသွေး အရည်အချင်းမီအောင်ဆိုပြီးတော့ အစကတည်းကနေ မျိုးကောင်းမျိုးသန့်ကို အရင်စိုက်ပြီးတော့မှ ကောင်းမွန်တဲ့ ဆန်အရည်အသွေးတွေဖြစ်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က မျိုးကောင်းမျိုးသန့် ထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ဆောင်နေတာဖြစ်ပါတယ်"

ဧကပေါင်း တစ်ထောင်ကျော်အတွက် ဆင်းသွယ်လက်နဲ့ ပေါ်ဆန်းဘေးဂျားစပါးမျိုးသန့်တွေကို မြို့နယ် ၁၇ ခုမှာ အသီးသီးခွဲဝေပြီး မျိုးစေ့ထုတ်လုပ်ရေး စတင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဲဒီအစီအစဉ်ကို စိုက်ပျိုးရေးဦးစီးဌာနဲ့ တောင်သူတွေ အကျိုးတူပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ပေါက်တောနဲ့ ကျောက်တော်မြို့နယ်တွေမှာတော့ နိုင်ငံတကာအဖွဲ့အစည်းအချို့က တာဝန်ယူ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဧက ၁ဝဝဝ ကျော်မှာ ဒီနှစ် စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ စပါးမျိုးစေ့တွေကို လာမယ့်နှစ်တွေမှာ တောင်သူတွေ ဆင့်ပွားစိုက်ပျိုးနိုင်မှာဖြစ်ပြီး အဲဒီကနေ ဆင့်ပွားရင်း သုံးနှစ်အတွင်း လယ်မြေဧက ခုနစ်သိန်းလောက်အထိ လွှမ်းခြုံနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စံသာက ပြောပါတယ်။

မျိုးသန့်စပါးတွေကို လာမယ့်နှစ် မိုးရာသီမှာ ဧကပေါင်း ၁၅ဝဝ နဲ့ ၂ဝ၂ဝ - ၂ဝ၂၁ ခုနှစ်တွေမှာ ဧကပေါင်း ၁၇ဝဝ အထိ တိုးချဲ့ထုတ်လုပ်ဖို့ ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိထုတ်လုပ်နေတဲ့ စပါးမျိုးစေ့တွေကို တောင်သူတွေထံ တစ်တင်း ကျပ် ၅ဝဝဝ ဝန်းကျင်နှုန်းနဲ့ ရောင်းချမှာဖြစ်ပြီး အစိုးဘက်က ဘဏ္ဍာငွေချပေးနိုင်မှသာ အခမဲ့ဖြန့်ဝေမှာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ လယ်ယာစိုက်ပျိုးမြေဧကပေါင်း ၁ဝ သိန်းကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။