တရားမဝင် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တွေကို တားဆီးပေးဖို့ အဆိုတင်သွင်း
2014.03.07

ရခိုင်ပြည်နယ်မှာ လက်ရှိ လူမှုရေးအကူ အညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း INGO /NGO တွေထဲက မှတ်ပုံတင်မထားတဲ့အဖွဲ့တွေကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် တားဆီးပေးဖို့ အဆိုကို ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက အခုလို အဆိုတင်သွင်းခဲ့တာပါ။
"တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရရှိသေးတဲ့ INGO/NGO အဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးကာကွယ်ပေးရန် ပြည်နယ်အစိုးရကို အဆိုတင်သွင်းတာဖြစ်ပါတယ်"
NGO/INGO အဖွဲ့အစည်းတစ်ချို့ဟာ နှစ်ဘက်လူ့အဖွဲ့အစည်းကြား ပြဿနာတွေ ပိုမိုကြီးထွားအောင် လှုံ့ဆော်နေကြတဲ့ ဖြစ်ရပ်တွေရှိနေသလို အစိုးရကိုနိုင်ငံတကာက အကြည်ညိုပျက်စေအောင် လုပ်ဆောင်နေတာတွေလည်း ရှိနေတာကြောင့် ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ထပ်မံမပေါ်ပေါက်စေဖို့ ဒီအဆိုကို တင်သွင်းတာဖြစ်တယ်လို့လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ထည့်သွင်းပြောခဲ့ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး အဲဒီအထဲက နိုင်ငံတကာအဆင့် INGO အရေအတွက် ၁၅ ဖွဲ့နဲ့ NGO အရေအတွက် ၄ ဖွဲ့သာ တရားဝင်အကူအညီပေးခွင့် မှတ်ပုံတင်ရရှိထားကြပါတယ်။ ကျန်တဲ့ ၄၉ ဖွဲ့လောက်ဟာ တရားဝင်မှတ်ပုံတင် မရှိသေးဘူးလို့ သိရပါတယ်။
ဒီကနေ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း တင်သွင်းခဲ့တဲ့အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြီး လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ဒီအဆိုနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။