ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေတိုးလာ


2018.12.14
butheetaung-622.jpg ဘူးသီးတောင်မြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် သပြုချောင်းနဲ့ ကျောက်ဆည်တောင်ကျေးရွာက ဒေသခံ ၃၀၀ လောက်ဟာ သင်ပုန်းကျေးရွာကို မနေ့ညနေက ထွက်ပြေးရောက်ရှိလာကြပါတယ်။

အဲဒီအထဲမှာ အသက် ၁၂ အောက် ကလေးငယ် ၉၀ ကျော်ပါဝင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့ သင်ပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။

သင်ပုန်းတန်းကျေးရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖက်ဝန်းချောင်းကျေးရွာကနေ ထွက်ပြေးရောက်ရှိလာတဲ့ လူ ၄၀ ကျော်ရှိနေပြီး မနေ့က ထပ်မံထွက်ပြေးလာကြသူတွေနဲ့ဆိုရင် လူဦးရေ ၃၃၀ ကျော် ရှိနေပြီလို့လည်း ပြောပါတယ်။

သူတို့ကို ယာယီတဲတွေနဲ့ လောလောဆယ်နေရာချထားပြီး စားနပ်ရိက္ခာအကူအညီအချို့ရရှိဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ကံပြင်ကျေးရွာက ဒေသခံ ၂၀၀ လောက်ဟာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကြောင့် စည်တောင်ကျေးရွာကို ထွက်ပြေးခဲ့ကြပြီး မနေ့ကတော့ နေရပ်ပြန်သွားကြပြီလို့ ကျေးရွာသားတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းတလျှောက်မှာရှိတဲ့ နွားရုံတောင်၊ ဥယျာဉ်သာ၊ ချချားတောင်၊ မြိုမချောင်း၊ ပြင်ချောင်း စတဲ့ကျေးရွာတွေမှာလည်း တိုက်ပွဲဖြစ်စဉ်တွေကြောင့် တောတောင်ထဲက လုပ်ငန်းခွင်တွေထဲ မသွားရောက်နိုင်ဘဲ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် ဒီနေ့မှာတော့ ဥယျာဉ်သာကျေးရွာမှာ မသင်္ကာလို့ဆိုပြီး နေအိမ်တွေကို အစိုးရတပ်က လာရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။