မုန်တိုင်းအရှိန်ကြောင့် ပေါက်တောမြို့က ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ရွာနဲ့ ငှက်ချောင်း မွတ်စလင် ဒုက္ခသည် စခန်းမှာ အောက်တိုဘာ ၂၄ ရက် ဒီကနေ့ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး ရေတွေ ဝင်ရောက်လာလို့ စုစုပေါင်း တစ်သောင်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြ ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အိမ်ခြေနှစ်ရာကျော်ရှိတဲ့ ဆင်တက်မော်ရွာအပြင် လူဦးရေ တစ်သောင်းကျော် ခိုလှုံနေတဲ့ ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းကအားလုံး ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတာလို့ ဆိုပါတယ်။
လေပြင်းတိုက်ခတ်တာနဲ့ စခန်းထဲကို ရေဝင်တာကြောင့် ဒုက္ခသည်တွေ အရေးပေါ် ပြောင်းရွှေ့နေကြရတယ်လို့ ဒုက္ခသည်စခန်း အမှတ် (၁) အုပ်ချုပ်ရေးမှူး ဦးရွှေလှက RFA ကို ပြောပါတယ်။
“ကျနော်တို့စခန်းမှာ အခု လေပြင်းတွေလည်း တိုက်နေတယ်။ လှိုင်းလည်းကြီးနေတယ်။ စခန်းမှာ ရေနှစ်ပေလောက် တက်နေတယ်။ အကူအညီတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ လည်း မရောက်သေးဘူး။ အခု နေ့ခင်းတောင် စိုးရိမ်ရတယ်။ ညအချိန်မှာလည်း အခုလို လေပြင်းတွေ၊ ရေလှိုင်းတွေတိုက်လာရင် ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်”
အောက်တိုဘာလ ၂၄ ရက် ဒီနေ့ မနက်ပိုင်းကတည်းက လေပြင်းတိုက်ခတ်နေတာကြောင့် ဒုက္ခသည်စခန်းက လူအနေအဆောင်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူပဲ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာမှာလည်း မုန်တိုင်းကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ ဆင်တက်မော်ရွာခံ ဒေါ်ဖြူဖြူက RFA ကို ပြောပါတယ်။
“မနက်ကတည်းက လေပြင်းတွေတိုက်တယ်။ လှိုင်းလုံးကြီးတွေတိုက်တယ်။ အခုလည်း ရွာတစ်ခြမ်း မြုပ်နေတယ်။ ရွာကမ်းပါးလည်း ပြိုကျသွားပြီ။ ကမ်းခြေအနီးမှာရှိတဲ့ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ အခု အန်တီတို့လည်း ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေရတယ်”
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း စီတရန် (SITRANG) ဟာ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၂၉၅) မိုင်ခန့်ကို ဗဟိုပြုနေ ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ နေရာအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
တစ်နာရီကို ၂၀ မိုင်ကနေ ၂၅ မိုင်အထိ လေတိုက်ခတ်နိုင်သလို မိုင် ၆၀ အထိလည်း ရှိနိုင် ပြီး လှိုင်းအမြင့် ၁၄ ပေကနေ ၁၈ ပေအထိ ရှိနိုင်တယ်လို့လည်း မိုးဇလဌာနက ခန့်မှန်းထား ပါတယ်။