နိုင်ငံတကာ အဖွဲ့အစည်းတွေ အမြန်ပြန်လာနိုင်ရေး အမေရိကန် တိုက်တွန်း
2014.04.11

ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် လူသားချင်း စာနာကူညီရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အမြန်ဆုံး ပြန်လည်လာရောက်လုပ်ကိုင်နိုင်ရေး အားပေးကူညီဖို့ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံကို နှစ်ရက်ကြာရောက်ရှိခဲ့စဉ်အတွင်း မစ္စတာ Russel ဟာ သမ္မတ ဦးသိန်းစိန် ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ သီးခြားစီတွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် ဆွေးနွေးခဲ့ပါတယ်။
Mr.Russel ဟာ သူ့ရဲ့ တတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ မြန်မာ့လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး အားပေးခဲ့သလို၊ စိုးရိမ်စရာတွေလည်းရှိနေကြောင်း၊ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်က လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ ရှုပ်ထွေးတယ်ဆိုတာ လက်ခံပေမဲ့၊ ရေရှည်မှာ အသိုင်းအဝိုင်းတစ်ခုတည်း အတွက်သာကွက်ပြီး အဖြေထုတ်တာမျိုးမဖြစ်သင့်ကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးဆိုသော် လည်း နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။