ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကြေညာချက် ထုတ်ပြန်
2012.07.27

ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကြားက ပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့အပြင် တချို့နေရာတွေမှာ လှုံ့ဆော်တာတွေ ပါရှိနေကြောင်း လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေဆီက ကြားသိနေရကြောင်း၊ ရပ်ရွာတွင်း ပဋိပက္ခကို ရပ်တန့်အောင် ဟန့်တားတာကနေ မူဆလင်တွေကို ပစ်မှတ်ထား ဖြိုခွဲတဲ့အသွင်ကို ဆောင်လာတဲ့ သတင်းတွေ ရရှိနေကြောင်း၊ ဒီလုပ်ရပ်တွေကို တားဆီးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း၊ အခု လတ်တလော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို ဖိတ်ခေါ်လိုက်တဲ့အပေါ် ကြိုဆိုပေမဲ့ ဒါဟာ လွတ်လပ် ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုကို အစားထိုးလိုက်တဲ့ အဓိပ္ပာယ် မဟုတ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောဆိုပါတယ်။
ဒီအတွင်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် နေရာ ရွှေ့ပြောင်းကြ ရသူပေါင်း (၈) သောင်းလောက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုပါတယ်။
ဒုက္ခသည် သုံးသောင်းကျော် ဟာ UNHCR ရဲ့ အရေးပေါ် ထောက်ပံ့မှုတွေ ရရှိနေပြီး ဒုက္ခသည် စခန်းတွေမှာ အစိုးရက နေထိုင်စရာ အမိုးအကာတွေ စတင် ဆောက်လုပ်ပေးနေကြောင်း ပြောပါတယ်။