အမ်းမြို့နယ်က ရွာ ၄ဝ နီးပါး ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်နေ


2020.04.22

 



ဒီကျေးရွာတွေမှာ အခုလိုသွားလာခွင့် ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်တောက်နေပြီလို့ လုံခြုံံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဒါးလက်ချောင်းကို ၀င်ပေါက်ဖြစ်တဲ့ ကဇုကိုင်းနားကနေ ပိတ်ထားတာ ၂ လ နီးပါးရှိသွားပြီ။ ဒါးလက်ချောင်းမှာလယ်သမားတွေများတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီပြီးတော့ စားသောက်နေရတယ်။ ကုန်တော့ ကုန်ပြီ။ ရေရှည်မှာတော့ အဆင်မပြေနိုင်ဘူး။ ကျန်းမာရေးနဲ့ပတ်သက်ပြီး နှာစေးချောင်းဆိုးရင်တောင်မှ ဆေးမရှိဘူး ။ အဲလောက်ထိ ဖြစ်နေတယ်"

နယ်မြေလုံခြုံရေးအကြောင်းပြချက်နဲ့ အသွားအလာ ပိတ်ဆို့ခံထားရတာ ၂လ နီးပါး ရှိနေပါပြီ။

ရွာပေါင်း ၃၈ ရွာက လူဦးရေ တစ်သောင်းသုံးထောင်ကျော်ရှိတဲ့ အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုဟာ စားဝတ်နေရေးအတွက် အမ်းမြို့နဲ့ ကမ်းထောင့်ကြီး မြို့တို့ကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြရတာပါ။ အမ်းမြို့နယ်ထဲက ကဇုကိုင်းတံတားမှာတပ်စွဲထားတဲ့ တပ်မတော် တပ်ရင်းက ဒါးလက်ချောင်းကို ဖြတ်သန်းခွင့် မပေးဘဲ အသွားအလာပိတ်ဆို့ထားတာပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာလကစလို့ ရိက္ခာသယ်ယူခွင့်မပြုပေမယ့် အရပ်သားတွေကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့ရာကနေ အခုဆိုရင် ဒေသခံအရပ်သားတွေကိုပါ သွားလာခွင့် ကန့်သတ်လိုက်တာပါ။

အရေးကိစ္စရှိလို့ သွားလာတော့မယ်ဆိုရင် ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ထောက်ခံချက်ပါမှ သွားလာခွင့်ရမယ်လို့ တပ်မတော်က ပြောတာကြောင့် အဲဒီထောက်ခံချက်ကို ဘယ်လိုရယူရမလဲဆိုတာ မသိတဲ့ ဒေသခံတွေဟာ အခက်ကြုံနေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ညကဆိုရင် ဒါးလက်ချောင်းအုပ်စုထဲက အလယ်ကျွန်းရွာထဲကို လက်နက်ကြီးကျရောက်လို့ အရပ်သားဒေသခံတစ်ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရထားတဲ့ အဲဒီရွာသား ၃ ယောက်ကို မြို့နယ်ဆေးရုံမှာကုသခွင့်ရဖို့  လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနအထိ ဆက်သွယ် အကူအညီတောင်းခဲ့ပေမယ့် တပ်မတော်က ဆက်လက်တားမြစ်ထားလို့  ဆေးကုသခွင့် မရသေးဘူးလို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။
“နယ်လုံအထိ ကျွန်မဖုန်းဆက်ပြီးပြောတယ်။ ဒါးလက်ဆေးရုံမှာ ဆေးကုလို့ရတယ်လို့ပြောတယ်။ ဒါးလက်ဆေးရုံမှာ ဆရာဝန်မရှိလို့ ပြည်သူက အမ်းဆေးရုံကို လာချင်တယ်ပြောတယ်။ လာလို့မရဘူး။ ဒီလူနာတွေကို မြို့ပေါ်သယ်မယ့်ဟာကို CSO အဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ သွားစောင့်နေပေမယ့် လူနာက ဒါးလက်ထဲကထွက်လို့မရဘူး။ ဆိုတော့ ပြည်သူတွေရဲ့ အသက်ကိုမကယ်ဘဲနဲ့ ဘယ်လိုနိုင်ငံကို အုပ်ချုပ်ကြမှာလဲ"
ဒါးလက်ချောင်း ၀င်ပေါက်ကို ပိတ်ထားတာ နှစ်လနီးပါးရှိပြီ ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ.... စစ်ဆေးတာတွေတော့ ရှိနိုင်ကြောင်း၊ ဒီလိုဖြစ်ရပ်ကို သတင်းလည်း ထုတ်ပြန်ခဲ့ပြီးကြောင်း၊  ဒုက္ခသည်စခန်းကနေ ဆန်သယ်တာကို စစ်ဆေးတဲ့အခါမှာ တစ်ဝက်လောက်က ရွာအတွက် တဝက်လောက်က  AA အတွက် သယ်ပေးရတာဆိုတာမျိုး စစ်‌ဆေးတွေ့ရှိခဲ့ကြောင်းနဲ့ သတင်းရရှိထားတာ ဖြစ်တဲ့အတွက် စစ်ဆေးတာသာ ဖြစ်နိုင်ပြီး အကုန်လုံးကို ပိတ်တာမျိုး မရှိပါဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါးလက်ချောင်းအုပ်စုအတွင်းမှာ လက်နက်ကြီးပစ်ခတ်သံတွေ နေ့စဉ်လိုလို ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေဟာ နေအိမ်မှာမနေရဲကြဘဲ ရွာဘုန်းကြီးကျောင်းနဲ့ ဗုံးခိုကျင်းတွေထဲမှာ နေကြသူများတယ်လို့ ဒေသခံတွေကို ကူညီပေးနေတဲ့ ဦးဇင်းတစ်ပါးက မိန့်ပါတယ်။

“ဒီရွာကဒေသခံတွေဟာ ဘယ်ကိုမှ သွားလာခွင့်မရှိတာ ၁ လကျော်နေပါပြီ။ ဘယ်သူမှ မသွားရဲဘူး။ သွားရင်တော့ အပစ်ခံရမှာပဲ။ ဖြစ်သလိုပဲနေကြတယ်။ ရွာမှာတော့ လူရှိတယ်။ အိပ်တဲ့အချိန်ကျရင်တော့ ဘုန်းကြီးကျောင်းနဲ့ အနောက်ကတောင်ပေါ်မှာ ဗုံးခိုကျင်းတွေလုပ်ပြီးတော့ နေကြရပါတယ်"

ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို လျစ်လျူရှုမထားကြဖို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက တောင်းဆိုပါတယ်။

“ ပြည်သူလူထုမှာရှိတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီးစိုးရိမ်မှု များနေတဲ့အချိန်မှာ ပြည်သူထုကို အခြေပြုစဉ်းစားတဲ့သူဆိုရင်တော့ ဒီလိုအချိန်မျိုးမှာ ပြည်သူအဓိကဆိုတဲ့ စဉ်းစားချက်နဲ့ စဉ်းစားမှာပေါ့။ ဒါပေမယ့် အခုကဒီရောဂါနဲ့ အစိုးရတွေ အလုပ်လုပ်တဲ့အချိန်မှာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ဥပက္ခာပြုပြီး စစ်ရေးဆိုင်ရာမျှော်လင့်ချက််တွေကို အကောင်အထည်ဖော်နေတယ်လို့ သုံးသပ်မိတယ်"

ဂျီနီဗာကွန်ဗင်းရှင်းအရ တိုက်ပွဲနယ်မြေထဲကဒေသခံတွေရဲ့ စားနပ်ရိက္ခာနဲ့ အသက်အန္တရာယ် လုံခြုံမှုပေးဖို့ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် နေ့စဉ်လိုလိုအရပ်သားသေဆုံးမှုတွေ ရှိနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ၂သိန်းနီးပါး ရှိနေပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး ဆောင်ရွက်နေရချိန်မှာ တပ်မတော်နဲ့ AA  တိုက်ပွဲရပ်တန့်ရေး တိုက်တွန်းပေးဖို့ အစိုးရကို အရပ်ဘက်အဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တစိုက်မတ်မတ် တိုက်တွန်းနေကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။