ရသေ့တောင်မှာ နယ်မြေရှင်းလင်းရေး သတိပေးစာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ


2020.06.28

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အနီးတဝိုက်ရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်မယ့် ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေကတော့ စစ်တွေ အပါအဝင် နီးစပ်ရာ မြို့နယ်တွေကို ထွက်ပြေးနေကြဆဲပါ။

“နယ်မြေရှင်းလင်းရေး” ဆိုတဲ့ အသုံးအနှုန်းအပေါ် ပုံကြီးချဲ့ ပြောဆိုတာတွေ ရှိလာနိုင်တဲ့အတွက် ပြန်ရုပ်သိမ်းတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က RFA ကို ဒီမနက် ပြောဆိုခဲ့ပါတယ်။

“တပ်က နယ်မြေရှင်းလင်းရေးလုပ်တာမဟုတ်ဘူး။ တပ်က စစ်ဆင်ရေးလုပ်တာ။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောက်တန်းတစ်ဝိုက်ကိုပဲပြောတာ။ အဲဒီမှာ ရွာ ၄-၅ ရွာလောက်တော့ ရှိမှာပေ့ါ။ အဲ့ဒီနားမှာ ရန်သူ ခိုနေရင် တပ်က လုပ်ရင်းကိုင်ရင်း ထိမှာစိုးလို့ ရှောင်ခိုင်းတာ။ သို့သော်လည်း သူက ၄၂ ရွာတောင် ထုတ်လိုက်တဲ့ အခါကျတော့ တခြားနေရာတွေပေါ့နော်။ အကုန်ပြောလိုက်တော့ အဲဒီနေရာတွေက လိုမှ မလိုတာ။ မလိုတဲ့ နေရာတွေပါ ပါနေလို့ ပြန်ရုပ်သိမ်းလိုက်တယ်။ နောက်တစ်ခုကတော့ နယ်မြေရှင်းလင်းရေးဆိုတဲ့ စကားလုံးက ပြည်ပမီဒီယာတွေက ဒါကို ပုံကြီးချဲ့နိုင်လို့ အဲဒီစာကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။”

ဒီညွှန်ကြားစာကို ဇွန်လ ၂၄ ရက် နေ့စွဲနဲ့ ဗိုလ်မှူးကြီး မင်းသန်းက လက်မှတ်ထိုးပြီး ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံကို ပေးပို့ခဲ့တာပါ။ ဒါပေမဲ့ ဒီစာကို ဇွန်လ ၂၆ ရက် သောကြာနေ့မှာ ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂကလည်း စိုးရိမ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ လူသားချင်းစာနာမှု ဒုက္ခတွေ ကြုံနေပြီး၊ သက်ဆိုင်ရာ အဖွဲ့တွေ အနေနဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစား လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ သြစတြေးလျ သံရုံးတွေကလည်း “တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပေါ် စိုးရိမ်ကြောင်း” မနေ့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့အနီးတစ်ဝိုက် ကျေးရွာတွေက ဒေသခံတွေကတော့ ရသေ့တောင်မြို့အပြင် စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ တခြား နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင် လာနေကြတာပါ။

မောင်ဖြူရွာကနေ စစ်တွေမြို့ကို ဒီမနက် ထွက်ပြေးလာတဲ့ ဒေါ်သိန်းမြနု ကတော့

“အစိုးရက ကျောက်တန်းအနီးအနားက ကျေးရွာတွေကလူတွေ ဘေးလွတ်ရာကို ရှောင်ပေးကြဆိုလို့ ကျမတို့လည်း ရှောင်ပြေးလာတာပါ။”

မောင်ဖြူရွာက ဒေါ်မကြီးကလည်း စစ်တွေမြို့ကို ထွက်ပြေးလာခဲ့ရတာ လမ်းခရီးမှာ နှစ်ရက်ကြာခဲ့တယ်လို့ ပြောပါတယ်။

“စာထွက်လာတာက ရွာသားတွေ ထွက်သွားကြဆိုပြီးပါတယ်။ ကျမတို့လည်း ကြောက် ပြီး ထွက်ပြေးတာပေါ့။ ကျမမှာ မိသားစု လေးယောက်ရှိတယ်။ သားနဲ့သမီးလည်း ပါတယ်။ အမျိုးသားလည်း ပါတယ်။ အရင် ပြင်ဝန်းကျေးရွာကို ထွက်ပြေးတယ်။ အဲဒီမှာ နှစ်ညအိပ်ခဲ့ပြီး ဒီနေ့ စစ်တွေကို လာတာ။ ဘယ်ကိုသွားရမယ် ဆိုတာ မသိတော့ဘူး။”

ရသေ့တောင်မြို့နယ် ရေဘုတ်ကျေးရွာက ထွက်ပြေးလာတဲ့ ဒေါ်မဝင်းဖြူက အချိန်တိုအတွင်းမှာ အသက်လု ထွက်ပြေးလာကြရလို့ မိသားစုတွေအားလုံး တကွဲတပြားဖြစ်သွားကြတယ်လို့ ပြောပါတယ်။

“ပြေးလာတာ မိသားစုနဲ့အတူတူမကျဘူး။ သမီးသုံးယောက်က မောင်တောမြို့နယ် မြောက်ပိုင်းကို ရောက်သွားတယ်။ ပြောမယ်ဆိုရင် ဝမ်းနည်းဖို့ကောင်းတယ်။ တချို့ မိသားစုဝင်တွေက အထက်ပိုင်းကို ရောက်သွားတယ်။ သွားလို့ လာလို့မရလို့ ရွာမှာ အစ်မတွေနဲ့ အမေအိုလည်း ကျန်ခဲ့တယ်။ မသန်စွမ်း အစ်မလည်း ကျန်ခဲ့တယ်။ အဲဒီအကြောင်းတွေကို မပြောချင်တော့ပါဘူး။”

ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ကိုကျော်မင်းခိုင် ကလည်း ထွက်ပြေးလာတဲ့သူအရေအတွက် လေးထောင်နဲ့ ခြောက်ထောင်ကြားမှာ ရှိနိုင်တယ်လို့ ပြောပါတယ်။

“ရသေ့တောင်မြို့ကို ပြေးတာရှိတယ်။ ပုဏ္ဏားကျွန်းဘက်ကို ပြေးတာရှိတယ်။ လူတွေက ဒီလိုပြန့်ကျဲပြီးတော့ ပြေးနေတာပေါ့နော်။ အခုဖြစ်တဲ့အနေအထားမှာ ဒုက္ခသည်အကုန်လုံး လေးထောင်နဲ့ ခြောက်ထောင်ကြားကို ထွက်ပြေးနေကြတယ်။ လူတွေအကုန်လုံးတော့ ဒုက္ခသည်စခန်းကို မရောက်ဘူး။ ကြုံသလို ထွက်ပြေး နေကြတာဖြစ်တဲ့အတွက် အရေအတွက် အတိအကျကို ခန်းမှန်းဖို့ ခက်နေတယ်။ အခုလက်ရှိ ကျနော်တို့ ရသေ့တောင်မြို့ပေါ်နဲ့ စစ်တွေကို ပို့ဆောင်တာဆိုရင် လူဦးရေ ၅၀၀ ကျော်လောက်ကို ကယ်ဆယ်ထားတာရှိတယ်။”

ဒါ့အပြင် ရသေ့တောင်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့အတွက် ဒေသခံတွေဟာ သတိပေးစာ ပြန်ရုပ်သိမ်းတဲ့အကြောင်းကို ချက်ချင်း မသိကြဘူးလို့ ဆိုပါတယ်။

“အခုအဲဒီမှာ အင်တာနက်လိုင်း ပိတ်ထားတာလည်း တစ်နှစ်ကျော်ပြီ။ သူတို့ထုတ်ပြန်တာက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး တရားဝင်ထုတ်ပြန်တာ။ အခုစာကို ပြန်ရုပ်သိမ်းတာက လိုင်းပေါ်မှာပဲ ကြေညာတာ။ ဒါပေမဲ့ ကျနော်တို့နေရာက အင်တာနက်လိုင်း ရတဲ့နေရာမဟုတ်ဘူး။ သူတို့ အဲဒီလို ပြန်သိမ်းတာကို လုံးဝသိတဲ့အခြေအနေ မရှိဘူး။ သူတို့အခုထိလက်ခံထားတာက သူတို့နေရာမှာ နေလို့ မရတော့ဘူး။ ငါတို့ဘက်မှာ ထိုးစစ်ဆင်တော့မယ်။ ရွာကနေ ထွက်မှရမယ်ဆိုတဲ့ စိတ် သူတို့ဆီမှာရှိနေတုန်းပဲ။”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့အထိ တစ်သိန်း ငါးသောင်းကျော် ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ အနောက်နိုင်ငံ သံရုံးတွေရဲ့ ကြေညာချက်ထဲမှာတော့ - နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး တွေမှာ အရင်က အရပ်သားတွေ ထိခိုက်တာ ရှိခဲ့ဖူးကြောင်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ မွတ်စလင် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ ကြရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။