နမ္မတူမြို့နယ် ပန်ကွပ်ရွာအနီးမှာ RCSS နဲ့ TNLA တိုက်ပွဲဖြစ်

2020.12.07
နမ္မတူမြို့နယ် ပန်ကွပ်ရွာအနီးမှာ RCSS နဲ့ TNLA တိုက်ပွဲဖြစ် TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အစပ်က ပန်ကွပ်ရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ ဒီကနေ့မနက် ၈ နာရီလောက်မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းအထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ ပန်ကွပ်နဲ့ မန်စံကျေးရွာကြားက တောင်ကြောနေရာမှာ RCSS တပ်ဖွဲ့တွေ နယ်မြေကျော်လွန်လာလို့ တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။

RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးကတော့ တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ကြောင်း အတည်ပြုပြီး တစ်ဖက်နဲ့တစ်ဖက် နယ်မြေသတ်မှတ်မှု ရှင်းရှင်းလင်းလင်းမရှိတာကြောင့် အခုလို တိုက်ပွဲဖြစ်တာလို့ သူက ယူဆပါတယ်။

ဒီမနက်တိုက်ပွဲဟာ ခဏတာ ပစ်ခတ်တာမျိုးဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာ မရှိဘူးလို့ ပန်ကွပ်ရွာနဲ့နီးတဲ့ ပန်လုံကျေးရွာ ဒေသခံက ပြောပါတယ်။

အဲဒီနေရာဟာ၂၀၁၈ ခုနစ်က RCSS နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နေရာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။