ရှမ်းပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်
2015.12.10

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA တပ်တွေဟာ အစိုးရတပ်မတော်အကူအညီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA အခြေစိုက်တဲ့ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တအာင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ TNLA က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ အခြေစိုက်တဲ့ RCSS/SSA တပ်အင်အား ၅ဝဝ လောက်က တပ်မတော်နဲ့ နားလည်မှု ယူပြီး မြောက်ပိုင်းအထိ နယ်မြေတိုးချဲ့လာတဲ့အတွက် တိုက်ပွဲဖြစ်တာလို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး တာအိုက်ကျော်က ပြောပါတယ်။
RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှကတော့ RCSS တပ်တွေနဲ့ TNLA တပ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က စပြီး မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာမှန်ပေမယ့် သူတို့အနေနဲ့ နယ်မြေတိုးချဲ့တာ မဟုတ်ကြောင်း ပြောပါတယ်။
"မှန်ကန်မှု မရှိပါဘူးခင်ဗျာ၊ TNLA လက်နက်ပြန်မကိုင်ကတည်းက ၂ဝဝဝ ခုနှစ်ကျော်ကျော်နောက်ပိုင်းမှာ ကျနော်တို့ နမ့်ခမ်းမြို့နယ်မှာ အခြေစိုက်ပြီးသားဖြစ်ပါတယ်၊ နမ့်ခမ်းမြို့နယ်ဆိုတာကလည်း TNLA ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း မဟုတ်သလို TNLA ရဲ့ မြို့နယ်လည်း မဟုတ်ပါဘူး၊ ဒါကြောင့်မို့လို့ သူတို့နယ်မြေကို ကျနော်တို့ ကျူးကျော်ဖို့သွားတာ မဟုတ်ပါဘူး၊ ကိုယ့်ဌာနေကို ကိုယ်ပြန်တာပဲဖြစ်ပါတယ်"
တိုက်ပွဲတွေ ရပ်တန့်နိုင်ရေးအတွက်လည်း နှစ်ဖက်တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။ TNLA နဲ့ RCSS/SSA တပ်တွေဟာ အရင်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားလေ့မရှိဘဲ အခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ပထမဆုံးအကြိမ် ဖြစ်ပွားတာလို့ နှစ်ဖက်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။
TNLA ထုတ်ပြန်တဲ့ ကြေညာချက်မှာ RCSS/SSA အနေနဲ့ စစ်ရေးအရ နယ်မြေကျူးကျော်လာတာဟာ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား ကြီးမားတဲ့ ပြဿနာဖြစ်ပေါ်အောင် ဖန်တီးနေတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပါရှိပါတယ်။
RCSS/SSA ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတာဖြစ်ပြီး အစိုးရက TNLA ကို အပစ်ရပ်လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ထားခြင်း မရှိပါဘူး။
RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။