ဥရောပသမဂ္ဂ မြန်မာကို ငွေကြေးခဝါချမှုနဲ့ အမည်ပျက်စာရင်းသွင်းဖို့ စီစဉ်နေ

သီဟထွန်း၊ သက်စုအောင်
2020.05.06

ငွေကြေးခဝါချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်တာကြောင့် ဥရောပသမဂ္ဂ- EU က မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို၊ ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက် စာရင်းမှာ ထည့်သွင်းဖို့ စီစဉ်နေကြောင်း အီးယူရဲ့ ကြေညာချက် မူကြမ်းကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက မေလ ၅ ရက်နေ့က သတင်းရေးသား ဖော်ပြခဲ့ပါတယ်။

အဲဒီနိုင်ငံ ၂၂ ခုမှာ အာရှဒေသက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ မွန်ဂိုးလီးယားနိုင်ငံတွေ ပါဝင်ပါတယ်။

ဒီကိစ္စဟာ တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းတွေတွေကြောင့် ဖြစ်နိုင်ပြီး၊ ဒီလုပ်ငန်းတွေနဲ့ ငွေကြေးခဝါချမှုကို အစိုးရ အဆက်ဆက်က တားဆီးဖို့ ကြိုးစားနေပေမယ့် အခုချိန်ထိ ဆက်ရှိနေဆဲပဲလို့ ဘဏ်လုပ်ငန်းမှာ နှစ်ပေါင်း များစွာ လုပ်ကိုင်ခဲ့တဲ့ ရန်ကုန်တိုင်း ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ၊ NLD ပါတီဝင် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင် (ခေါ်) မောင်လွင်မွန် (ကသာ) က ပြောပါတယ်။

"နိုင်ငံအများစုကတော့ ကျနော့် အထင်ပြောရရင်တော့ တတိယနိုင်ငံတွေ များတာပေါ့။ အထူးသဖြင့် ငွေကြေး စနစ်မှာ မခိုင်မာသေးတဲ့ နိုင်ငံတွေဖြစ်မယ်လို့ ထင်တယ်လေ။ မူးယစ်ဆေးဝါး အဓိက ဖြစ်မယ်လို့ ထင်တယ်လေ။ မူးယစ်ဆေးဝါးကို ကျနော်တို့လည်း ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ဒီဟာကို အရေးယူတာတော့ရှိတယ်။ ဒါပေမဲ့လည်း ရှိနေသေးတာပဲ ဒီဟာက ။ ငွေကြေးခဝါချမူရဲ့ လမ်းကြောင်း ဖြစ်နေသေးတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ နိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ ဒီလိုဖြစ်နေတော့ ဒီဟာတွေကို invest လုပ်ပြီးတော့ ငွေကြေးခဝါချဖို့ အားပေး ၊ ဖြစ်စေဖို့အတွက် စောင့်ကြည့်တဲ့ နိုင်ငံစာရင်းမှာ ကျတော်တို့ကို ထည့်တယ်လို့ ထင်ပါတယ်။"

ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်ကနေ အခု NLD အစိုးရလက်ထက်အထိ ဥပဒေ၊ အမိန့်တွေ ထုတ်ပြန်ပြီး လုပ်ခဲ့ပေမယ့် နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ အားနည်းချက် တွေ ရှိနိုင်ပါတယ်လို့လည်း ဦးတင့်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ မှုခင်းတွေ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်း ကတော့ မူးယစ်ဆေးဝါး လုပ်ငန်းအပြင် သစ်နဲ့ ကျောက်စိမ်း တရားမဝင်ခိုးထုတ်တာ၊ အဂတိလိုက်စားမှုတွေက ရတဲ့ငွေနဲ့ အခွန်ရှောင်မှုတွေက ရတဲ့ငွေမဲတွေကို ငွေကြေးခဝါချမှုတွေ ရှိနေတာကြောင့် စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်နေရတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လက နေပြည်တော်မှာ ကျင်းပတဲ့ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ခမ်းအနားတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တရားရေးအကြံပေးတစ်ဦးကတော့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကနေ ငွေကြေးခဝါချတာ က အဓိက ဖြစ်နေတယ်လို့ အဲဒီအခမ်းအနားမှာပဲ ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲကို သိပေမယ့် စိုးရိမ်ပူပန်မှုတွေရှိလို့ အနီးကပ် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းမှာ ထည့်သွင်းတာလို့ ယူဆကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ဆိုပါတယ်။

အမည်ပျက်စာရင်းထဲမှာ ပါဝင်တဲ့ နိုင်ငံတွေအနေနဲ့ ဥရောပ သမဂ္ဂရဲ့ ငွေရေးကြေးရေးစနစ်ကို အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့် ဥရောပဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ မြန်မာအပါအဝင် နိုင်ငံ ၂၂ ခုနဲ့ ဆက်စပ်နေတဲ့ကိစ္စတွေကို အနီးကပ်သတိထား စစ်ဆေးသင့်တယ်လို့ အီးယူကြေညာချက် မူကြမ်းမှာ သတိပေးထားပါတယ်။

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တယ်လို့ ယူဆတာကြောင့် မြန်မာ အပါအဝင် အဲဒီ နိုင်ငံ ၂၂ ခုမှာရှိတဲ့ စီးပွားရေးကုမ္ပဏီတွေလည်း ဥရောပသမဂ္ဂက ပေးမယ့် ရန်ပုံငွေ ထောက်ပံ့ကြေး အသစ်တွေကို ရနိုင်မှာ မဟုတ်ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် တာဝန်ရှိသူတွကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းနဲ့ လက်ခံဖြေကြားမှာ မဟုတ်ဘဲ သိလိုတဲ့အချက်တွေကို စာနဲ့ ရေးသားမေးမြန်းဖို့ ပြောပါတယ်။

အမြင်သဘောထားပေးဖို့  ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လောလောဆယ် မှတ်ချက်မပေးလိုသေးဘူးလို့ ပြောပါတယ်။

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အင်တာနက်အွန်လိုင်းက တစ်ဆင့် မေးမြန်းထားပေမယ့် အခုညနေ လေးနာရီကျော်တဲ့အထိ ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။

စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးကတော့ မူးယစ်ဆေးဝါး လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အပြင် ပြည်တွင်း အကြမ်းဖက်မှုတွေကို ငွေကြေးဖြည့်ဆည်းမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း ဆက်စပ်လိမ့်မယ်လို့  ယူဆကြောင်း ပြောပါတယ်။

"ပြည်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းအကြမ်းဖက်မှုနဲ့ အကြမ်းဖက်မှု ဖြစ်ရပ်တွေအပေါ်မှာ ငွေကြေးဖြည့်ဆည်းမှုတွေ ရှိနေတယ်။ ဒီငွေကြေး ဖြည့်ဆည်းမှုတွေကိုလည်း ကျနော်တို့က သေသေချာချာ စောင့်ကြပ် စီမံနိုင်ခြင်းမရှိဘူး။ အဲဒီတော့ ငွေကြေးတွေကလည်း နိုင်ငံတကာ အကြမ်းဖက်ရေး လှုပ်ရှားမှုများနဲ့ လည်း ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒါတော့ ဒါ လောလောဆယ် ကာလမှာ အသစ်ဖြစ်လာတဲ့ ကိစ္စဖြစ်ပါတယ်။"

ပြီးခဲ့တဲ့နှစ်က အမည်ပျက် စာရင်းထဲမှာ ပါဝင်တဲ့ လာအိုနဲ့ သီရိလင်္ကာနိုင်ငံတွေကို ဒီနှစ်မှာ နာမည်ပျက်စာရင်း ထဲကနေ ဥရောပကော်မရှင်က ပယ်ဖျက်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ISP-Myanmar အဖွဲ့က ပြင်ပဆက်ဆံရေးအရာရှိ၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက အမည်ပျက် စာရင်းကနေ လွတ်မြောက်ဖို့ သက်ဆိုင်ရာ အဖွဲ့စည်းတွေအနေနဲ့ စီမံကိန်းချပြီး တုံ့ပြန်သင့်တယ်လို့ အကြံပြု တိုက်တွန်းပါတယ်။

"ကျနော် ထင်တာကတော့ နည်းလမ်းကတော့ အလွယ်တကူတော့ မရှိဘူးထင်တယ်ဗျ။ ကျနော်တို့ဆီမှာလည်း အဲလို တရားမဝင် ငွေကြေးခဝါချမူနဲ့ ပတ်သက်တဲ့ အလုပ်အဖွဲ့တွေ ရှိပါတယ်။ ဒါတွေကို စောင့်ကြည့်တဲ့ အဖွဲ့တွေ ရှိတယ်။ နောက်တခါ ဗဟိုဘဏ်လိုဟာမျိုးပေါ့နော်။ ဆိုတော့ ကျနော်ထင်တယ် သေချာကို စီမံကိန်းချပြီးတော့ ပြန်တုံ့ပြန်ဖို့တော့ လိုမယ်ထင်တယ်ဗျ။"

တကယ်လို့ မြန်မာကို အမည်ပျက်စာရင်းမှာ ထည့်သွင်းလိုက်ရင် နိုင်ငံတကာက ငွေကြေးစီးဆင်းမှုတွေ အပါအဝင် နိုင်ငံတကာနဲ့ ဆက်စပ်တဲ့ ငွေကြေး လုပ်ငန်းတွေ ထိခိုက်နိုင်တယ်လို့လည်း ဦးအောင်သူငြိမ်းက ဆိုပါတယ်။

အမည်ပျက် စာရင်းထဲ ထည့်သွင်းခံရမယ့် နိုင်ငံတွေထဲမှာ ပနားမား၊ ဘဟားမားစ်နဲ့ မောရစ်သျှနိုင်ငံတွေလည်း ပါဝင်ပြီး ဒီကြေညာချက်ကို ဥရောပကော်မရှင်က ကြာသာပတေးနေ့မှာ ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။