မြောက်ဦး စစ်ကောင်စီတပ်ဂိတ်မှာ ဒုက္ခသည်အရေးကူညီသူတွေ ပစ်ခတ်ခံရ

2022.09.16
မြောက်ဦး စစ်ကောင်စီတပ်ဂိတ်မှာ ဒုက္ခသည်အရေးကူညီသူတွေ ပစ်ခတ်ခံရ မြောက်ဦးမြို့နယ် ခမရ (၅၄၀) စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကနေ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ သွားရောက်သူတွေရဲ့ ကားတစ်စီး မြောက်ဦးမြို့နယ်အဝင် ခမရ (၅၄၀) စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၁၆ ရက် ဒီနေ့မနက် ၉ နာရီက ပစ်ခတ်ခံခဲ့ရတယ်လို့ ပစ်ခတ်ခံရတဲ့ကားမှာ လိုက်ပါလာတဲ့ ကိုအမ်းသားကြီးက ပြောပါ တယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံနေစဉ်မှာပဲ ဖမ်းဆီးဖို့ ကြိုးစားလာတာကြောင့် မောင်းပြေးရာကနေ စစ်ကောင်စီတပ်သားတွေက နောက်ကနေ သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာလို့ ကိုအမ်းသားကြီးက ပြောပါတယ်။

"စစ်ဆေးရေး ဂိတ်မှာ ကားရပ်ပေးတော့ နာမည်ဘယ်လိုခေါ်လဲ မေးတယ်။ ကိုအမ်းသားကြီးပါလို့ ပြောတော့ ဟိုဖုန်းဆက် ဒီဖုန်းဆက်နဲ့ အကြာကြီးပဲ။ ကျနော် အခြေအနေ အကဲခတ်ကြည့်တော့ ဖမ်းဆီးဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေ့ရလို့ ကားမောင်းပြေးတော့ အနောက်ကနေ လေးချက် လှမ်းပစ်ပါတယ်"

ပစ်ခတ်ခံရတဲ့ကားပေါ်မှာ ကိုအမ်းသားကြီးအပါအဝင် သုံးဦးလိုက်ပါလာတာ ဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် လူ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ကားအောက်ပိုင်းကိုတော့ သေနတ် ကျည် ထိမှန်ခဲ့တယ်လို့ ကိုအမ်းသားကြီးက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ရှင်းလင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အချို့မှာတော့ ကိုအမ်းသားကြီးတို့ မောင်းနှင်လာတဲ့ Honda Insight ကားထဲမှာ မူးယစ်ဆေးဝါး တွေ့ရှိတာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရေးသားကြပါတယ်။

ကိုအမ်းသားကြီးကတော့ ဒါဟာ မှန်ကန်မှုမရှိဘဲ ပစ်ခတ်ခံရချိန်မှာ ကားထဲမှာ အဝတ် အစားတချို့နဲ့ လူသုံးယောက်သာ ရှိနေတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း မြောက်ဦးမြို့မှာနေထိုင်တဲ့ ကိုကျော်ဇံဝေ (ခေါ်) ရင်ဆို့ကို NUG၊ CRPH နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးထား ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းများ
မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။