စစ်ကိုင်းမြို့နယ်မှာ စစ်ဘေးရှောင်ရင်း ကလေးငယ်တစ်ဦး အုတ်တံတိုင်းပိ သေဆုံး
2023.05.22

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ နေရပ်စွန့်ခွာထွက်ပြေး ရတဲ့ ခက်ခအရှေ့ရွာက စစ်ဘေးဒုက္ခသည် ကလေးငယ်တစ်ဦးဟာ မေလ ၂၂ ရက် ဒီကနေ့မှာပဲ စစ်ဘေးရှောင်ရင်း အုတ်တံတိုင်းပိ သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပဒူတိုက်နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကြောင့် ခက်ခအရှေ့၊ အနောက်နဲ့ တောင်ရင်းရွာက ဒေသခံတွေဟာ မေလ ၂၁ ရက် မနေ့ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။
သေဆုံးသူဟာ အသက် ၅ နှစ်အရွယ် မောင်ကောင်းသန့်ဆိုသူဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးချိန် ရှေးဟောင်းဘုရားအနီးက အုတ်တံတိုင်း ပြိုကျခဲ့လို့ သေဆုံးသွားတာလို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က သားအမိနှစ်ယောက်ဗျ။ ရွာရဲ့မြောက်ဘက်မှာ တောကြီးရှိတယ်။ အဲဒီမှာ ရှေးဟောင်းဘုရားတွေလည်း ရှိတယ်။ အဲဒီအထဲ ဝင်ပြေးကြတာ။ ကလေးက အုတ်တံတိုင်းပေါ်ကို တက်လိုက်တယ်။ မိုးကလည်း ဟိုရက်ကရွာထားတော့ ဘုရားကလည်း ရှေးဘုရားဆိုတော့ အုတ်တံတိုင်းက ပြိုကျတာ။ ကလေးပေါ်ကိုပိပြီး သေသွားတယ်”
မေလ ၂၂ ရက် ဒီနေ့မနက်မှာလည်း ပဒူရွာထဲကို စစ်ကောင်စီရဲ့တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi -35 စစ်ရဟတ်ယာဉ်နဲ့ မိနစ် ၃၀ ကြာအောင် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
မေလ ၂၁ ရက် မနေ့တုန်းကလည်း နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ပဒူရွာက အသက် ၂၇ နှစ်အရွယ် မနွေးနွေးသဲဟာ ခက်ခ အရှေ့ရွာအနီးမှာ ကားမှောက်သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၆ နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဒူတိုက်နယ်ထဲကို အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေလ ၁၉ ရက်ကတည်းက စစ်ကြောင်း ထိုးနေတာကြောင့် ပဒူ၊ ကန်ကြီးကုန်း၊ ကျောက်ပံနံ၊ ရွာသစ် စတဲ့ရွာတွေပြင် မေလ ၂၁ ရက်မှာ ခက်ခ၊ တောင်ရင်း စတဲ့ရွာက ဒေသခံတွေပါ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာမရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သား ခုနစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။