ကျွန်းလှနဲ့ ကန့်ဘလူမှာ ဒေသခံနှစ်သောင်းခန့် နေရပ်မပြန်နိုင်သေး
2025.01.13

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ရွာတချို့မှာ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲပြီး ကန့်ဘလူမြို့နယ်ထဲက ရွာတွေကိုပါ စစ်ကြောင်းထိုးနေတာကြောင့် လူနှစ်သောင်းခန့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြောပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကစလို့ ကျွန်းလှမြို့နယ် ကုက္ကိုကုန်းရွာနဲ့ အနီးအနားရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အထိုင်ချတပ်စွဲခဲ့တာကြောင့် ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်က ဒေသခံတွေ တိမ်းရှောင်နေရတာပါ။
ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ကျွန်းလှမြို့နဲ့ ခုနစ်မိုင်ကျော်ဝေးတဲ့ ကန့်ဘလူမြို့နယ်ထဲ တည်ပင်၊ အင်းမ၊ ရှမ်းကုန်းရွာတွေကို စစ်ကြောင်းထိုးနေပြီး အထိုင်ချတပ်စွဲဖို့ ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"၆၀၀၆ (အမြောက်တပ်) က ထွက်တဲ့ ကားသုံးစီးက မနေ့တုန်းက ပင့်သာ(တည်ပင်)ကို ရောက်လာပြီး အဲဒီမှာထိုင်ဖို့ အစီအစဥ် ရှိလောက်တယ်။ ဒီမနက်တော့ အင်းမနဲ့ ရှမ်းကုန်းဘက်ကို အင်အား ရှစ်ဆယ်လောက် ထွက်သွားနေတာရှိတယ်။ သူတို့(စကစ)က ကျွန်းလှနဲ့ ကန့်ဘလူမြို့ကို ကာရအောင်ပဲ အထိုင်တွေ လိုက်လုပ်နေတာ။ နှစ်မြို့နယ်က ရွာအားလုံးပေါင်းဆိုရင် ၁၇ ရွာလောက်က ရှောင်နေကြရတာပါ"
ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ် တည်ပင်ရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ချိန် ကာကွယ်ရေးပူးပေါင်းတပ်တွေ ထောင်ထားတဲ့မိုင်းတွေ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံး၊ ဒဏ်ရာတာတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
စစ်ကြောင်း ဝင်ရောက်ချိန် တည်ပင်ရွာက နေအိမ် ငါးအိမ်ခန့် မီးရှို့ခံရပြီး ရွာခံအများစုကတော့ ကျွန်းလှမြို့နယ်ထဲက ရွာတွေတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ်ထဲ ကုက္ကိုကုန်း၊ တောင်ယာဆိပ်၊ လွှတ်တိုက်၊ မဒေါင်ရွာနဲ့ ကန့်ဘလူမြို့နယ် မကျီးကုန်းရွာတွေမှာ အခိုင်အမာ တပ်စွဲထားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေရှိနိုင်မဲ့နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကြောင်းစထိုးတဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေအပြင် ကုက္ကိုကုန်း၊ လွှတ်တိုက်၊ မဒေါင်နဲ့ ဆွဲလှဲရွာတွေက နေအိမ် ငါးရာနီးပါးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။