ဝမ်ပေါင်ကုမ္ပဏီအနားရွာတွေ စစ်ကြောင်းဝင်လာလို့ ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးရ
2022.12.21

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီ အနီးအနားရွာတွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဒီနေ့မနက် အစောပိုင်း စစ်ကောင်စီစစ်ကြောင်းဝင်လာတာကြောင့် ဆားလင်းကြီးနဲ့ ယင်းမာပင် မြို့နယ်ထဲမှာရှိတဲ့ ရွာပေါင်း ကိုးရွာက ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်တွေ မနက် ၄ နာရီကျော် ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဆားလင်းကြီးက ဝုဏ်တော၊ ဒုံးတော၊ ကံကုန်းနဲ့ ယင်းမာပင်က အောင်မိုး၊ မြပင်စီ၊ မြရွှေစီ၊ ဘိန်းနွယ်ချောင်၊ ကျေးစာကျနဲ့ ရွာသာရွာက ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးခဲ့ရတာပါ။ အဲဒီရွာတွေဟာ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးမှာ ရှိပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးတဲ့ စစ်ကြောင်းတွေ ဝင်ရောက်စီးနင်းလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးခဲ့ရပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ကားသုံးစီးနဲ့ထွက်လာတဲ့ ၁၀၀ နီးပါးပါ စစ်ကြောင်း ဟာ ယင်းမာပင်က ရဲတပ်ရင်း ၂၈ စစ်ကြောင်းနဲ့ နှစ်ကြောင်းခွဲပြီး ဒုံးတောရွာကို မနက် ၅ နာရီခွဲမှာ ဝင်လာတာလို့ ပြောကြပါတယ်။

ရွာထဲက အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင် သွားပေမယ့် နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုံးတောရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒုံးတောရွာကို ဝင်တာက မနက် ၅ နာရီပေါ့။ ကားတွေနဲ့လာပြီး ကင်းချသွားတယ်။ ရွာရဲ့ အပေါက်နှစ်ပေါက်ဖြစ်တဲ့ မြောက်ဘက်နဲ့ တောင်ဘက်ကို ၁၀ ဦးစီ ကင်းချ သွားတယ်။ အပြင်လမ်းမမှာတော့ ရဲတွေပေါ့။ ရွာထဲကို ဝင်တာကတော့ စစ်သားတွေပေါ့။ ရွာလယ်ကိုဝင်လာတာ စစ်သားတွေဆိုတော့ အကုန်လုံးက ပြေးကြလွှားကြတယ်။ ရုတ်တရက်ကြီး ရောက်လာတာတော့ ရွာက လူတွေအကုန် ပိတ်မိသွားတယ်။ အဖမ်းခံရတဲ့ ကလေးက တစ်ယောက်ပဲ၊ အသက် ၁၄ နှစ်လောက်ပေါ့။ အဲဒီကလေးကို ခေါ်ပြီးတော့ သူတို့သွားချင်တဲ့နေရာကို လမ်းပြအဖြစ် ခေါ်သွားတယ်။ သူတို့သွားချင်တဲ့ နေရာရောက်တော့ ပါးတစ်ချက်ရိုက်ပြီး ပြန်လွှတ်လိုက်တယ်"
ဒုံးတောရွာဟာ အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေနှစ်ထောင်ကျော် နေထိုင်တဲ့ ရွာဖြစ်ပြီး နေ့လယ် ၁၁ နာရီမှာ စစ်ကြောင်းပြန် ထွက်သွားပေမယ့် ဒေသခံတွေကတော့ ရွာကိုပြန်မဝင်ရဲသေးဘူးလို့ ဆိုပါတယ်။
စစ်ကြောင်းဟာ ရွာတွေကို ဦးတည်ဝင်ရောက်တာမျိုးမဟုတ်ဘဲ ဝမ်ပေါင်ကုမ္ပဏီကို ပြန်လာတဲ့ တရုတ်လူမျိုးတွေအတွက် လုံခြုံရေးယူပေးတဲ့အနေနဲ့ ရွာတွေထဲ ကင်းပုန်း ဝပ်တာ ဖြစ်ပြီး နေ့လယ် ၁၁ နာရီကျော်မှာ အကုန်ပြန်ထွက်သွားပြီလို့ ယင်းမာပင်မြို့ခံတွေ က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယင်းမာပင်မြို့၊ ရွာသာရွာခံတစ်ဦးကတော့ အင်အား ၅၀ နီးပါးရှိတဲ့ စစ်ကြောင်းဟာ ရွာဘေးမှာ ကင်းပုန်းဝပ်နေတာရှိပေမယ့် အိမ်တွေကို ဝင်ရောက်မွှေနှောက်တာမရှိသေးဘဲ အခြေအနေ စောင့်ကြည့်နေရတယ်လို့ ပြောပါတယ်။
"တရုတ်တွေ ဝမ်ပေါင်ကုမ္ပဏီ ပို့တာကို စစ်တပ်က ကင်းယူတဲ့ ပုံစံပါပဲ။ လောလောဆယ်တော့ ရှောင်နေရတုန်းပါပဲ။ လမ်းပေါ်မှာ အခုထိ ရှင်းလား၊ မရှင်းလား သဲသဲကွဲကွဲ မသိသေးတော့လေ၊ အခုချိန်အထိ အိမ်မပြန်ရသေးပါဘူး။ လေလောဆယ် အထိ မီးရှို့တာ၊ ဖျက်ဆီးတာ မရှိသေပါဘူး။ ရိုးရိုးပဲ ကင်းယူတာ ဘာညာဆိုတော့ သူတို့ကိစ္စပြီးရင် ပြန်သွားတော့ အဝေးကြီးတော့ မရှောင်တော့ဘူး။ ရက်ကြာတဲ့ အတိုင်းအတာကတော့ သူတို့က ရွာထဲမှာ ရှိခြင်း၊ မရှိခြင်းနဲ့လည်း ဆိုင်တယ်။ ရွာထဲမှာ မရှိဘူးဆို ပြန်ဝင်လိုက်ကြတယ်၊ ရှိတယ်ဆိုရင်တော့ သုံးလေးရက် ဆက်ရှောင် ကြတာပေါ့"
နေအိမ် သုံးရာနဲ့ လူဦးရေ တစ်ထောင်နီးပါးရှိတဲ့ ရွာသာရွာကတော့ လက်ရှိ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းတွေ လုံခြုံရေးယူပြီးချိန်မှာ လူ ၄၀ ကျော်ပါ Express ကားနှစ်စီးဟာ ယင်းမာပင်ထဲက ချင်းတွင်းတံတားကိုဖြတ်ပြီး ဝမ်ပေါင်ကုမ္ပဏီထဲ ဝင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် သူ့အနေနဲ့ သေချာမသိသေးဘူးလို့သာ ပြန်လည်ဖြေဆိုပါတယ်။
"ဝမ်ပေါင်ကနေလည်း မြောက်နဲ့ တောင်ဘက်အခြမ်းကို ကားသုံးစီးနဲ့ ကင်းတွေ ချသွားတယ်။ စစ်ရေးအခြေအနေက စောင့်ကြည့်နေတုန်းပဲ"
မနက် ၄ နာရီမှာ ဝမ်ပေါင်ကုမ္ပဏီထဲကို ကားလေးစီးနဲ့ အကြိုအပို့လုပ်နေချိန် စစ်ကြောင်းတွေက ရွာတွေကို ကင်းပုန်းချ ဝင်ရောက်ခဲ့တာလို့ ယင်းမာပင် PDF တာဝန်ရှိသူ SatKyarWaday က RFA ကို ပြောပါတယ်။
"မုံရွာ-ပုသိမ် လမ်းအတိုင်းပဲ မနက်ခင်း ၄ နာရီခွဲကတည်းက တပ်ရင်း ၂၈ ကနေ စထိုးတယ်ပေါ့။ ပြီးတော့မှ ကားသုံးစီးနဲ့ကိုမှ လမ်းတွေကို ကင်းပုန်းချသွားတယ်။ ပြီးတော့ ဝမ်ပေါင်ကနေလည်း မြောက်နဲ့ တောင်ဘက်အခြမ်းကို ကားသုံးစီးနဲ့ ကင်းတွေ ချသွားတယ်။ စစ်ရေးအခြေအနေက စောင့်ကြည့်နေတုန်းပဲ။ ကျနော်တို့က မိုင်းခွဲ တိုက်ခိုက်ဖို့ စောင့်နေပေမယ့် ခွင်ထဲမဝင်လာတဲ့အတွက် မလုပ်လိုက်ရဘူးဗျ"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ (၁၀) ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်း ၂၂ လအတွင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမှာရှိတဲ့ ရွာပေါင်း ၂၀ ကျော်က နေအိမ်တစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ ၃၆၀၀ ကျော် ဘုန်းကြီးကျောင်း တွေနဲ့ တောင်ယာတွေထဲမှာ ဖြစ်သလိုနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။