ကော့ကရိတ်မှာ လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတစ်ထောင်ကျော်ထွက်ပြေး

RFA Burmese
2022.12.21
ကော့ကရိတ်မှာ လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတစ်ထောင်ကျော်ထွက်ပြေး ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူလေအုပ်ချုပ်နယ်မြေအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများကို တွေ့ရစဉ်။
KNU

စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့နွဲရွာထဲကို ဒီဇင်ဘာလ ၂၀ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့နွဲရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တွေအကြား ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၁၉ ရက်နဲ့ ၂၀ မှာ တိုက်ပွဲတွေ ဖြစ်တယ်။ ညဘက်ဆိုလည်း တစ်ညလုံးပစ်တာ။ လေယာဉ်တွေလည်း လာတယ်။ မနေ့က ဆိုလည်း လက်နက်ကြီး အလုံး ၅၀ ကျော် ပစ်ချတာ နွားတွေကျွဲတွေ ထိတယ်။ အိမ်လေးလုံး ပျက်စီးသွားတယ်။ ကော့နွဲရွာနားကို ကျတာ"

လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု မရှိပေမယ့် ကော့နွဲ၊ မြို့ဟောင်း စတဲ့ ရွာတွေက ဒေသခံတစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒီအပြင် ဒူးရင်း၊ ကြက်မောက်၊ မင်းဂွတ်နဲ့ ရာဘာခြံတွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်မှာလည်း ကော့ကရိတ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃၁) ကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့တယ်လို့ KNLA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကော့ကရိတ်ဘက်တိုက်ပွဲဖြစ်ပွားနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်တာမရှိသေးပါဘူး။

KNU ဗဟိုရဲ့အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၇၀၀၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။