စစ်တွေက ဒုက္ခသည်စခန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်
2013.07.17
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘောဒူဘ ဒုက္ခသည်စခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ဒုက္ခသည်တန်းလျားဆောက်လုပ်မှု အရည်အသွေးစိစစ်ရေးအဖွဲ့ဝင်တွေနဲ့ မွတ်စလင်ဒုက္ခသည်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူ ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သီးခြားဖွဲ့စည်းထားတဲ့ ၁၄ ဦးပါဝင်တဲ့ ဒုက္ခသည်တန်းလျား အရည်အသွေးစိစစ်ရေးကော်မတီဝင်တွေဟာ ဒီကနေ့ နေ့လည်ပိုင်းက ဘောဒူဘဒုက္ခသည်စခန်းက တန်းလျားတွေကို သွားရောက်စစ်ဆေးရာမှာ ဘောဒူဘဒုက္ခသည်စခန်းက ဒုက္ခသည် ၇၀ လောက်က ခဲတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ အခင်းဖြစ်နေရာနားကိုရောက်နေတဲ့ လုံခြုံရေးဝန်ထမ်းတွေကပြောပါတယ်။
အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ပြည်နယ်စာရင်းစစ်ရုံးက ဒုဦးစီးတစ်ဦးအပါအဝင် ရခိုင်ပြည်နယ်နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဌာနက ဒုဦးစီး ဦးအောင်ဝင်းနိုင်နဲ့ ခရိုင်စာရင်းစစ်ရုံးက ရုံးအကူဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးကော်မတီဝင်တွေကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ ဘာမှမသိရှိရသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဘာကြောင့်အခုလို ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။