သောင်ရင်းမြစ်ဘေးက စစ်ဘေးဒုက္ခသည် ငါးထောင်ဝန်းကျင် ရေဘေးသင့်
2024.08.01

ထိုင်း-မြန်မာနယ်စပ်က သောင်ရင်းမြစ်ရေ မြင့်တက်နေတာကြောင့် မြစ်ဘေးမှာရှိတဲ့ ဒုက္ခသည် ငါးထောင်ဝန်းကျင် ရေဘေးသင့်နေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် မြစ်ဘေးမှာ စစ်ဘေးရှောင်နေကြတဲ့ မင်းလက်ပံ၊ ပလော့တပို့၊ သေ့ဘောဘိုး၊ လော့ခေါ်၊ ဝေါလေ၊ ကနဲလေးထ၊ ဘလယ်ဒိုရွာတွေကနေ စစ်ဘေးရှောင်နေသူတွေ ရေဘေးထပ်ကြုံနေရတာပါ။
ပလော့တပို့စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် ဇူလိုင် ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မြစ်ရေကြီးပြီး ကမ်းပါးတိုက်စားတာကြောင့် အိမ်ခြေ အလုံး ၂ဝ လောက် ပျက်စီးသွားတယ်လို့ အဲဒီစခန်းမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောပါတယ်။
"ကမ်းကတော့ တော်တော်တော့ ပြိုသွားတယ်သိလား၊ ရွှေ့ပေးရတဲ့အိမ်တွေလည်း ရွှေ့ပေးရတယ်၊ ရေကလည်း အရင်နှစ်ထက်ပိုပြီး တက်တယ်ပေါ့နော်၊ အဲ့လိုကမ်းကဆိုလည်း ကျွန်တော်တို့ အိမ်တော်တော်များများ ရွှေ့ပေးလိုက်ရတယ်၊ အိမ်သာဆိုရင် အလုံး ၂၀ လောက် ကျွန်တော် ဟိုနေ့က လိုက်ကြည့်လိုက်တာ အလုံး ၂၀ လောက် ဆုံးရှုံးသွားတယ်ပေါ့နော်"
အခုချိန်ထိလည်း မိုးအဆက်မပြတ်ကြီးနေတာကြောင့် ဒီစခန်းမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနဲ့ ဌက်ဖျားရောဂါတွေ အဖြစ်များနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ပလော့တပို့စခန်းမှာ ခိုလှုံနေသူတွေဟာ လေးကေကော်မြို့သစ် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူတွေ ဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်ခိုလှုံနေပါတယ်။
ဒါ့အပြင် အဲဒီစခန်းအထက်ပိုင်းက သေ့ဘော်ဘိုးဒုက္ခသည်စခန်းမှာလည်း သောင်ရင်းမြစ် ရေကြီးတာကြောင့် ဒုက္ခသည် နှစ်ရာလောက် ယာယီနေအိမ်တွေကနေ ကုန်းမြင့်ဘက် အရေးပေါ်ရွှေ့ပြောင်းထားရပါတယ်။ အဲဒီဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သေ့ဘောဘိုးစခန်းက ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"သေ့ဘောဘိုး စစ်ဘေးရှောင်တွေက မိုးကြီးပြီး ကမ်းနားပိုင်းတွေ ရေမြုပ်တော့ အိမ်တွေအကုန်ပျက်သလောက်ဖြစ်တယ်။ အရင်ရက်က မိုးကြီးထားတော့ သေ့ဘောဘိုးရွာ၊ တောနော်ကျောင်းကုန်းဘက် ရွှေ့နေရတယ်၊ သွားလာစားသောက်ဖို့ ခက်နေတာပေါ့"
ရေဘေးကြုံနေရတဲ့ သောင်ရင်းမြစ်ဘေးက စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။