ရွေးကောက်ပွဲပြီးသော်လည်း မြန်မာများ ထိုင်းနယ်စပ်မှာ ခိုလှုံရာရှာနေရဆဲ
2010.12.01

DKBA တပ်ဖွဲ့နဲ့ စစ်အစိုးရတပ်ကြား တလောက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ဒုက္ခသည် နှစ်သောင်းကျော် ထွက်ပြေးလာခဲ့ရပြီး ၊ အဲဒီထဲက ဒုက္ခသည် ၈၀၀ မှ ၁၀၀၀ နီးပါးဟာ အခုချိန်ထိ လုံခြုံစိတ်ချရမဲ့ ခိုလှုံစရာ နေရာကို ရှာဖွေနေဆဲဖြစ်တယ်လို့ TBBCအဖွဲ့က ဆိုပါတယ် ။
အဲဒီဒုက္ခသည်တွေဟာ မွန်ပြည်နယ် ဘုရားသုံးဆူဒေသနဲ့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲက နေရာအမျိုးမျိုးမှာ ခိုလှုံစရာ ရှာဖွေနေကြတာ ဖြစ်ကြောင်း သိရပါတယ်။
နယ်စပ်အခြေအနေဟာ ရွေးကောက်ပွဲမတိုင်ခင်ထက် ပိုပြီး မတည်မငြိမ် ဖြစ်နေတယ်လို့ ပြောနိုင်ကြောင်း TBBCအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး Ms. Sally Thompson က RFA ကို ပြောပါတယ် ။
လတ်တလော ထိုင်း-မြန်မာ နယ်စပ်အခြေအနေဟာ တည်ငြိမ်မှု လုံးဝမရှိဘူးလို့ ထင်ပါတယ် ၊ ဒီလိုအခြေအနေတွေ ဖြစ်နေရတာဟာ စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေး ဆောင်ရွက်နေတဲ့အပေါ် မူတည်ပြီး ဖြစ်လာတယ် ထင်ပါတယ်လို့ Ms. Thompson ပြောဆိုသွားပါတယ်။
လက်ရှိ အခြေအနေမှာတော့ TBBC အဖွဲ့နဲ့ UNHCR အဖွဲ့တို့ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ သောက်ရေသန့် ၊ အမိုးအကာ ရွက်ဖျင် ၊ စောင်နဲ့ ခြင်ထောင် ၊ အရေးပေါ်ဆေးဝါး စတာတွေကို ကူညီနေရကြောင်း သိရပါတယ် ။