စစ်ကိုင်းမှာ ဖမ်းဆီးခံရတဲ့ အရပ်သား ၂၅ ဦးထဲက ငါးဦးပြန်လွတ်လာ
2023.06.19

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သာဇင်၊ ပေါက်မ (မြောက်)၊ မြိုင်ကုန်း၊ အိုင်းဓမ္မစတဲ့ ရွာတွေတစ်လျှောက် စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ အရပ်သား ၂၅ ဦးအနက် ငါးဦး ဇွန်လ ၁၈ ရက်နေ့က ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ဇွန်လ ၁၃ ရက်က သာဇင်ရွာကို စစ်ကြောင်းမဝင်ခင်ကတည်းက ပဒူနဲ့ တခြားရွာတွေဘက်ကနေ ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ အရပ်သား ၂၀ ဦးကတော့ မလွတ်သေးဘူးလို့ ဆားတောင်တိုက်နယ်ဒေသခံတွေက RFA ကိုပြောပါတယ်။
"သာဇင်က တစ်ဦး၊ ပေါက်မ (မြောက်) က နှစ်ဦး၊ မြိုင်ကုန်းက တစ်ဦးနဲ့ အိုင်းဓမ္မရွာက တစ်ဦး ပြန်လွတ်တယ်။ သူတို့က စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းခံလိုက်ရတာ။ အဲဒါနဲ့ စစ်ကြောင်းတစ်လျှောက် ပါသွားပြီးတော့ မနေ့ကမှပြန်လွတ်လာတာ။ ကျန်တဲ့ ဖမ်းခံထားရတဲ့ အရပ်သား ၂၀ ကတော့ ပြန်မလွတ်သေးဘူး။ သူတို့က သာဇင်ရွာကို မဝင်ခင်အစောပိုင်းထဲက ဖမ်းခံထားရတာ"
လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၀ ကနေ ၅၀ အကြားရှိတဲ့ အမျိုးသားတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
အင်အားတစ်ရာခန့်ပါတဲ့ စစ်ကြောင်းဟာ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ သာဇင်၊ အိုင်းဓမ္မ၊ အင်းစ၊ ပေါက်မ(မြောက်)၊ ပေါက်မ(တောင်)၊ ကျီကုန်း၊ မြိုင်ကုန်း စတဲ့ရွာတွေကို စစ်ကြောင်းထိုးခဲ့တာပါ။
စစ်ကြောင်းတစ်လျှောက် သာဇင်ရွာက နေအိမ် ၇၀၀ နီးပါး၊ အိုင်းစမ္မရွာက နေအိမ် ၁၀ လုံး၊ ကျီကုန်းရွာက နေအိမ်ရှစ်လုံး၊ ပေါက်မ (မြောက်) ရွာက နေအိမ် ၁၅၀ နဲ့ ပေါက်မ (တောင်) ရွာကနေအိမ် ၁၄၉ လုံး မီးရှို့ခံခဲ့ရပြီး ဒေသခံ နှစ်ထောင်ကျော် မီးဘေးသင့်ခဲ့ပါတယ်။
ဒါ့အပြင် သာဇင်ရွာက အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးနဲ့ ကျီကုန်းရွာက အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးလည်း စစ်ကြောင်းထိုးလာချိန်မှာ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၉,၀၂၁ ဦးရှိပါပြီ။