ကလေးမြို့မှာ အိမ် ၁၂ လုံးကို စစ်တပ်က ဖယ်ရှားခိုင်း
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၄)၊ စနေလမ်းက နေအိမ် ၁၂ လုံးပါ မြေ ကွက်ကို ကလေးမြို့အခြေစိုက် အမှတ် (၉၄၁) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) တပ်က တပ်ပိုင်မြေ ဆိုပြီး ဖယ်ရှားခိုင်းနေတယ်လို့ အိမ်ပိုင်ရှင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ကနေ ၂၆ ရက် ၈ ရက်အတွင်း ပြောင်းရွှေ့ဖို့၊ မပြောင်းဘူးဆိုရင် တရားဥပဒေအရ အရေးယူ မယ်ဆိုတဲ့ ထုတ်ပြန်စာကို စစ်တပ်က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အဲဒီနေအိမ်တွေဆီ လာပေးခဲ့တယ်လို့ အမည် မဖော်လိုတဲ့ အိမ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ဒီဟာက အရင်ကလည်း သူတို့က ပုဒ်မ ၄၄၇ နဲ့ တရားတစ်ခါစွဲသေးတယ်။ ပုဒ်မ ၄၄၇ နဲ့ စွဲတော့ သူတို့ရှုံးတော့ မကျေနပ်ဘူးလို့ ပြောသံကြားတယ်။ အရင်ခေါတ်ကလည်း သူတို့အမှုရှုံးတုန်းက မကျေနပ်တာရော၊ တပ်နဲ့နီးတဲ့အခါကျတော့ သူတို့လုံခြုံရေးအရ စိတ်မချတာရော ပါမယ်ထင်တယ်"
(၂၄.၅၂) ဧက ကျယ်ဝန်းတဲ့ အဲဒီမြေနေရာမှာ အိမ်တွေဆောက်ထားတာဖြစ်ပြီး အဲဒီနေရာမှာ ပျံကျ အလုပ် သမားနဲ့ ဝန်ထမ်းတချို့ စုစုပေါင်း လူဦးရေ ၅၀ ဝန်းကျင်နေထိုင်ကြပါတယ်။
လက်ရှိမှာ အိမ် ၆ လုံးမှာ နေတဲ့သူတွေကတော့ ပစ္စည်းတွေပြောင်းရွှေ့ကုန်ကြပြီး ကျန်အိမ် ၆ လုံးလည်း ပြောင်းရွှေ့ဖို့ ပြင်နေရတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ စစ်တပ်ကနေ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုတာခံရပြီး ၂၀၁၉ အောက်တိုဘာလမှာ ခရိုင်တရားရုံးကနေ အနိုင်ရခဲ့တယ်လို့ အိမ်ပိုင်ရှင်တွေက ပြောပါတယ်။